ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတခုက ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေအရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ဇန်နဝါရီလ ၁၉ ရက်နေ့က ပြောပါတယ်။
ဆောင်ပလန်စစ်ရှောင်စခန်းမှာ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ လွိုင်ကော်မြို့က ပြည်သူတွေစစ်ရှောင်နေကြပြီး စစ်ရှောင်ကာလ နှစ်ချီရှိသလို ထပ်တိုးလာတဲ့သူတွေလည်းရှိကာ အိမ်ခြေ ၄၀ ကျော်မှာ လူဦးရေ ၁၃၀ ကျော်အထိ နေထိုင်နေတယ်လို့သိရပါတယ်။
“အရင်က လာလှူတဲ့သူတွေရှိသေးတယ်။ အခုက လာလှူတဲ့သူတွေမရှိတော့ဘူး။ ဘယ်သူမှလာမလှူဘူး။ ရိက္ခာစုဆောင်းထားတာလဲမရှိဘူး။ လာမလှူကြတာက ၂ လ ကျော်လောက်ရှိပြီ။ ခက်ခဲတာပေါ့နော်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်စခန်းမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေတဲ့သူ အယောက် ၅၀ ကျော်ထိရှိနေပြီး တပတ်ကျော်နှစ်ပတ်အထိ နှာစီးချောင်းဆိုးနဲ့ အအေးမိတာတွေဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေက ဆန်နဲ့ရိက္ခာတွေ ပြတ်လပ်လာတာကြောင့် ပိုက်ဆံတတ်နိုင်တဲ့သူတွေဆီကနေ ချေးငှားတာ၊ အချင်းချင်းမျှဝေစားသောက်တာ၊ ထမင်းတနှပ်လျော့စားတာတွေပြုလုပ်ပြီး ဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်က ပြည်သူတွေက ဒီးမော့ဆိုအနောက်ခြမ်း၊ ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ် စတဲ့နေရာတွေနဲ့ ဆွေမျိုးတွေရှိရာကို အသီးသီးစစ်ဘေးရှောင်နေကြပြီး စစ်ရှောင်ကာလကြာတာနဲ့အမျှ စားနပ်ရိက္ခာ၊ မိုးကာ၊ အနွေးထည်၊ စောင်၊ သောက်သုံးရေစတာတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။