တရုတ်ကြားဝင်မှုနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ ရှမ်းမြောက် အပစ်ခတ်ရပ်စဲရေးကို စစ်ကောင်စီက မလိုက်နာသလို ညီနောင်မဟာမိတ်အဖွဲ့လည်း မလိုက်နာပဲ စစ်ဆင်ရေးဆက်လုပ်မယ်ဆိုရင် မြို့ကြီးများအပါအဝင် စစ်ရေးပစ်မှတ်တွေကို သိမ်းပိုက်ပြီးပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ကြေညာပါတယ်။
မနေ့ညက ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး ၈၄ ရက်မြောက်အခြေအနေကို အသိပေးရာမှာ ညီနောင်မဟာမိတ်အဖွဲ့က အဲ့ဒီလို ထည့်သွင်းပြောဆိုက်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးဟာ အနည်းငယ်ရပ်တန့်သွားတယ်လို့ ထင်ရပေမယ့် မပြောင်းလဲတဲ့ ကိန်းသေအလျင်နှုန်းနဲ့ ဆက်လက်ရွှေ့လျားနေတာဖြစ်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားတဲ့ ဘုံရည်မှန်းချက်များအတွက် စစ်ဆင်ရေးကြီးဟာ ပုံမှန်အလုပ်လုပ်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကပြောပါတယ်။
“အကယ်၍ မိမိတို့ဘက်မှ စိတ်ရှည်သည်းခံခြင်းလည်းမရှိ၊ ဟိုင်ဂင်သဘောတူညီချက်များကိုလည်း လိုက်နာခြင်းမရှိဘဲ သွေဖည်နေမည်ဆိုပါက မိမိတို့သတ်မှတ်ထား သည့်အတိုင်း စစ်ဆင်ရေးပစ်မှတ်များနှင့် မြို့သိမ်းတိုက်ပွဲများကို အကောင်အထည်ဖော်ထားခဲ့ပြီဖြစ်သည်။ ဥပမာ – (???) ကဲ့သို့သော မြို့ ကြီးများမှာလည်း မိမိတို့လက်အောက်သို့ ကျရောက်နေခဲ့လိမ့်မည်ဖြစ်သည်။” လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကပြောပါတယ်။
ဒါပေမယ့် ညီနောင်မဟာမိတ်အဖွဲ့ဟာ တော်လှန်ရေးကတိသစ္စာတည်ကြည်တဲ့ တော်လှန်ရေးအဖွဲ့အစည်း ဖြစ်တာနဲ့ အညီ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့တဲ့နေ့မှ အခုအချိန်ထိ သဘောတူညီတဲ့အတိုင်း လိုက်နာနေလို့သာ မလိုးလားအပ်တဲ့ အခြေအနေတွေ မဖြစ်တာလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သို့သော်လည်းပဲ အခြားတစ်ဘက်မှာတော့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးစတဲ့ အဖက်ဖက်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ယခင်ရက်တွေအတိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ အရပ်သားပြည်သူတွေကို ၁၀၂၇ စစ်ဆင်ရေး (၈၄) ရက် မြောက်နေ့ရောက်တဲ့တိုင် အပိုးမကျိုးဘဲ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ကပြောပါတယ်။
စစ်ကောင်စီက ရှမ်းမြောက်ဒေသအတွင်း ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ အပစ်ရပ်ဖို့ သဘောတူညီထားပေမယ့် နေ့တိုင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကို ဆက်လုပ်နေတာကြောင့် ပြည်သူတွေထိခိုက်သေဆုံးမှုလည်း ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။