ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ကောင်းမှုယန်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း-ခမရ(၄၂၄) စခန်းကို ယနေ့တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
“ခမရ(၄၂၄)ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ စခန်းသိမ်းပြီးတော့မှ ကျနော်တို့ထိုင်နေပြီလို့သတင်းရပါတယ်” ဟုဗိုလ်မှူးကြီးနော်ဘူကပြောသည်။
အဆိုပါ စခန်းကိုဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် KIA တပ်မဟာ(၃)က တိုက်ခိုက် သိမ်းပိုက် လိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် အရှင်ဖမ်းဆီးရမိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း KIA က အသေးစိတ်အတည်မပြုသေးပေ။
ခမရ(၄၂၄) သည် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နှင့် အနီး၌ တည်ရှိသည်။ KIA ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ သည်ဖားကန့်၌လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
KIAသည် ယခုရက်ပိုင်း၌ ကချင်ပြည်နယ်ဖားကန့်နှင့်မန်စီမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖက်ကာနှင့် မိုးမိတ်မြို့နယ်မှစစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။