သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာကို စစ်ကောင်စီတပ်ကစစ်ကြောင်းဝင်တဲ့ နှစ်ရက်အတွင်း ရွာထဲကနေအိမ် ၇ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အင်အား ၅၀ လောက်ပါတဲ့စစ်ကောင်စီတပ်သားတွေဟာ အခုလ ၁၈ ရက်နေ့က သရက်ချောင်းမြို့ဘက်ကနေ ဥတ္တူရွာထဲကို ခြေလျင်ဝင်ရောက်လာပြီး အဲဒီနေ့ညနေပိုင်းမှာပဲ ရွာအရှေ့ပိုင်းက နေအိမ်နှစ်ဆောင်ကိုမီးရှို့ခဲ့ပါတယ်။
အဲဒီနောက် မနေ့ကမနက် ၇ နာရီလောက်မှာလည်း ရွာတောင်ပိုင်းနဲ့ ရွာလယ်ပိုင်းက နေအိမ် ၅ ဆောင်ကို မီးထပ်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းဝင်တော့ ရွာသားတွေထွက်ပြေးနေတဲ့အချိန်ရှို့တာ။ လူမနေတဲ့အိမ်တွေလည်းပါတယ်” လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
နေအိမ်တွေထဲက ၃ ဆောင်လောက်ကတော့ တဆောင်လုံးမီးလောင်ပျက်စီးခဲ့ပြီး ကျန်တဲ့နေအိမ်တွေကတော့ တချို့တဝက်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံကဆက်ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ မနေ့က ရွာထဲက အမျိုးသမီး၊ အမျိုးသား ဆယ်ကျော်လောက်ကိုလည်း ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
မနေ့ကညနေပိုင်း စစ်ကြောင်းပြန်ထွက်ချိန်မှာတော့ ဖမ်းဆီးထားသူအများစုကိုတော့ပြန်လွှတ်ပေးခဲ့ပေမဲ့ အမျိုးသား ၃ ဦးကိုတော့ စစ်ကြောင်းနဲ့အတူ ပန်းပြင်ရွာကိုဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီနေ့မွန်းတည့်အချိန်မှာတော့ စစ်ကောင်စီတပ်သားတွေ မော်ရှည်ကုန်း၊ သရက်နှစ်ခွ၊ ပိန်းတောနဲ့ သင်းကျွန်းရွာတွေမှာ တပ်ဖြန့်နေရာယူထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဥတ္တူရွာမှာမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့နယ်မှာ သုံးပတ်နီးပါးအကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေပဲဖြစ်တယ်လို့ ဒေသခံနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဆိုပါတယ်။
သူတို့ဟာ လောင်းလုံးမြို့နယ်ကိုစစ်ကြောင်းထိုးပြီးနောက် အခုလ ၁၃ ရက်နေ့မှာ သရက်ချောင်းမြို့နယ်ထဲကို စက်လှေသုံးစီးနဲ့ ဝင်ရောက်လာတာလို့ ဒေသခံတွေကပြောပါတယ်။
လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးတဲ့အချိန်ကလည်း အဲဒီစစ်ကောင်စီတပ်သားတွေဟာ ကျေးရွာ ၈ ရွာကနေအိမ် ၁၃ဝ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံသုံးဦးကိုလည်းသတ်ဖြတ်ခဲ့ပါတယ်။