စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၁၄ ဦး အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်က စတင်ပြီး ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲသော စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်း စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ တင့်ကားဖျက် RPG ဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ jumper စက် ၁ လုံး၊ G3 ကျည်ဘောက် ၁ ခု၊ ကာဘိုင်ကျည် ၅၀ တောင့်၊ ၅.၅၆ ကျည် ၃၅ တောင့် ၊ စစ်ယူနီဖောင်းအချို့ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
“ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၁၄ ဦးကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ပါတယ်” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော်(BNRA)၊ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(LPDF) ၊ Yaung Ni – Shwebo ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်းအဖွဲ့၊ မိုးမခရဲခေါင် – ဒီပဲယင်းအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း-၄၊ အရာတော်Drone Force၊ တပလဖ အင်အားစုများ၊ နယ်မြေခံ(ပကဖ)တပ်ဖွဲ့များနှင့် PROJECT FLIGHT (We are everywhere)- Drone တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။