မန္တလေးတိုင်း၊ မိုးကုတ်အနီးတိုက်ပွဲတွေပြန်ဖြစ်လာလို့ မြို့ကို စွန့်ခွာ တိမ်းရှောင်နေသူတွေ ရှိလာပြီလို့ သိရပါတယ်။
မိုးကုတ်နဲ့ ၂၈ မိုင်ခန့်အကွာ မိုးမိတ်မှာ တိုက်ပွဲတွေပြင်းထန်နေသလို မနေ့ညပိုင်းကလည်း မိုးကုတ်နဲ့ မိုးမိတ်ကြား မှာ တအောင်းတပ်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြန်ဖြစ်လာပါတယ်။
မိုးကုတ်မြို့ခံတွေထဲမှာ ပြင်ဦးလွင်ဘက်ဆီ ကြိုတင်တိမ်းရှောင်နေကြသူတွေရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ကျန်းမာရေးအရ ဆေးရုံဆေးခန်းပြသနေရသူတွေ ၊ သွားရေးလာရေး လွယ်ကူတဲ့ ဒေသခံတွေ ဟာ မြို့ကနေ ကြိုရှောင်နေကြတာပါ။
ဒီနေ့မှာဆိုရင်လည်း မိုးကုတ်မြို့တွင်း လမ်းတွေမှာ အသွားအလာကျဲသွားတာတွေ့ရတယ်လို့ မိုးကုတ်မြို့ခံသတင်းရင်းမြစ်က ပြောပြပါတယ်။
“အိမ်ထဲကနေ ဘယ်သူမှသိပ်မထွက်ကြတော့ဘူး ၊ မဖြစ်မနေသမားလောက်ပဲထွက်တော့တယ်”လို့ မိုးကုတ်မြို့အရှေ့ပိုင်း နေထိုင်သူတစ်ဦးကလည်းပြောပါတယ်။
မိုးကုတ်မြို့ပေါ်က ဖြတ်ပျံသွားတဲ့ စစ်ကောင်စီလေတပ် လေယာဉ်တွေကိုလည်းမကြာခဏဆို တွေ့ရတယ်လို့ အဲဒီမြို့ခံ က ဆိုပါတယ်။
လက်ရှိအချိန်ဟာ မိုးကုတ်ဆီ ခရီးသွားလည်ပတ်မှု များပြားတဲ့ ရာသီဖြစ်ပေမယ့် နယ်မြေအခြေအနေတွေကြောင့် လည်ပတ်သူ နည်းပါးနေတယ်လို့လည်းသိရပါတယ်။
မိုးကုတ်မှာ TNLA နဲ့ မန္တလေး PDF တို့ လှုပ်ရှားပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လဆန်းပိုင်းနဲ့ အောက်တိုဘာလအတွင်း မိုးကုတ်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားရာ စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။