ရခိုင်ပြည်၊ ကျောက်တော်မြို့ထဲတွင် ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။
တိုက်ပွဲများမှာ ကျောက်တော်မြို့ပေါ် ရပ်ကွက်များ၌ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကာ လက်ရှိတွင် အခြေအနေအား မသိရသေးကြောင်း AA သတင်းရင်းမြစ်တစ်ဦးက Western News ကို ယနေ့ နံနက်ပိုင်းတွင် အတည်ပြုပြောဆိုခဲ့သည်။
ကျောက်တော်မြို့တွင် စကခ ၉ တပ်မရှိပြီး ထိုတပ်မအား ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်ခြင်းရှိ မရှိ ကို Western News သီးခြားအတည်ပြုချက်မရဘဲ ကျောက်တော်မြို့ပေါ် စစ်ကောင်စီတပ် စခန်း ချထားသည့်နေရာများကို ထိုစစ်ဆင် တိုက်ခိုက်နေကြောင်း အတည်ပြု၍ ရသည်။
ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် ၃၇၇ အမြောက်တပ်ရင်းအား ဇန်နဝါရီလ ၁၄ရက်နေ့နှင့် ခမရ ၅၃၉ တပ်ရင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့တို့တွင် AA က သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သည်။
ကျောက်တော်မြို့နယ်အခြေစိုက်အမှတ် ၉ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၉) မှနည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်း ကို AA က ဖမ်းဆီး ရရှိခဲ့ပြီး ဆေးကုသပေးနေကြောင်း သတင်းရင်းမြစ်အရ သိရသည်။