စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်၊ရှမ်းနီတပ် (SNA)နှင့် ပျူစောထီးများပါဝင်သည့် စစ်ကြောင်းကိုဒေသကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်းဒေသခံများကပြောသည်။
အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီတပ်၊ပျူစောထီးနှင့် SNA တပ်ဖွဲ့ဝင်များပါဝင်သော စစ်ကြောင်းသည် ယမန်နေ့( ဇန်နဝါရီလ ၂၃ရက်)နံနက်တွင် ဗန်းမောက်မြို့နယ်တောင်ပိုင်း၊ လုံးကင်ရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။
“ထိတွေ့တိုက်ပွဲဖြစ်တယ်။ ကလေးတွေတော့ ထိခိုက်မှုမရှိဘူး။ စစ်ေးစစ်ကြောင်းကတော့ ပုဆိုးတွေနဲ့ထမ်းထုတ်သွားတာတွေ့ရတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ဗန်းမောက်မြို့ပေါ်မှစစ်ကြောင်းဖြစ်သည်။ မြေပြင်တွင် စစ်ကြောင်းတိုက်ခိုက်ခံနေရစဉ် ဗန်းမောက်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
“မိုင်းကို ထိထိမိမိဆွဲနိုင်တယ်လို့ သိရတယ်။ စစ်ကြောင်း ပြန်ခေါက်သွားတယ်။ အခြေအနေကတော့စောင့်ကြည့်နေရဆဲပဲ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါစစ်ကြောင်းသည် ဗန်းမောက်မြို့ပေါ်သို့ အင်အား၃၀ခန့်သာပြန်ဝင်လာပြီး ကျန်တပ်ဖွဲ့ဝင်များသည် လုံးကင်ရွာအနီး ကင်းပုန်းဝတ်နေခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများကသုံးသပ်သည်။
စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်အများစုပျောက်ဆုံးနေ၍ ဒေသခံများသည် ရွာသို့မပြန်ရဲကြသေးဘဲ တိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့ကပြောသည်။