ရေဖြူမြို့နယ်မှာ ကံပေါက်ဒေသခံ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို မနေ့က ညသန်းခေါင်အချိန်မှာ စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံပေါက်ဒေသထဲက မိကျောင်းအိုင် ရပ်ကွက်ထဲကို ညသန်းခေါင်လောက်မှာ စစ်ကောင်စီတပ်သားတွေ ကားနဲ့ဝင်ရောက်လာပြီး ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ မနွယ်နွယ်သက်နဲ့ သူရဲ့အမျိုးသား ကိုဝင်းကိုကိုဦးတို့ကို သူတို့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာအလှပြင်ဆိုင်ဖွင့်ထားတဲ့ တရပ်ကွက်တည်းနေ အသက် ၄၀ ဝန်းကျင် အရွယ်တွေဖြစ်တဲ့ မထိုက်ထိုက်လှိုင်နဲ့ သူ့ရဲ့အမျိုးသား ကိုတိုးတို့ကိုလည်း နေအိမ်မှာပဲ ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အနားက အိမ်တွေဆိုင်တွေကို ဝင်မွှေဝင်ရှာအရင်လုပ်တယ်။ ပြီးမှလူတွေကို ဖမ်းသွားတာ။ လက်ကိုင်ဖုန်းတွေပါအကုန်သိမ်းသွားတယ်” လို့ တရပ်ကွက်တည်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
သူတို့ လေးဦးကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာနဲ့ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုမသိရသေးပါဘူး။ ဒေသခံတွေကတော့ မောရဝတီရေတပ်စခန်းကိုခေါ်သွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
ပြီးခဲ့တဲ့လ ၁၇ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေကလည်း ကံပေါက်ဒေသခံ အမျိုးသမီး လေးဦးနဲ့ အမျိုးသား နှစ်ဦးတို့ကို မောရဝတီရေတပ်စခန်းကိုဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိပြန် လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ကံပေါက်ဒေသဟာ စစ်ကောင်စီရဲ့မောရဝတီရေတပ်စခန်းဌာနချုပ် အခြေစိုက်တဲ့ဒေသဖြစ်ပါတယ်။ အဲဒါကြောင့် ဒေသတွင်းက အရပ်သားတွေကိုဖမ်းဆီးစစ်ဆေးတာ၊ ဒေသအတွင်းကင်းလှည့်တာတွေကို ရေတပ်စခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကအဓိကလုပ်ဆောင်နေတာဖြစ်ပြီး ဖမ်းဆီးထားတဲ့အရပ်သားတွေကိုလည်း ရေတပ်စခန်းထဲမှာပဲ ချုပ်နှောင်စစ်ဆေးလေ့ရှိပါတယ်။
တနင်္သာရီတိုင်းမ်သတင်းဌာနကစုစည်းထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ရေဖြူမြို့မယ်အပါအဝင် တိုင်းအတွင်းမြို့နယ်ဆယ်ခုမှာ ဖမ်းဆီးခံရတဲ့ အမျိုးသားအမျိုးသမီးစုစုပေါင်း ၁၅၀၀ ကျော်အထိရှိခဲ့ပါတယ်။
နိုင်ငံရေးအကျဥ်သားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကစလို့မနေ့ကအထိ အာဏာသိမ်းဖြစ်စဥ်နဲ့ဆက်စပ်ပြီး တနိုင်ငံလုံးမှာ ဖမ်းဆီးခံရသူစုစုပေါင်း နှစ်သောင်းခြောက်ထောင်နီးပါးရှိပါတယ်။