မိုးမိတ်တိုက်ပွဲတွင်စစ်ကောင်စီတပ် ဘက်မှအရာရှိအချို့အပါအဝင် ၅၀ ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်အရပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ၊မိုးမိတ်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF၊ PDFများနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့က ဇန်နဝါရီလ ဇန်နဝါရီလ ၁၈ရက်နံနက်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲထဲမှာစစ်တပ်ဘက်ကသေတာ ၅၀ မကဘူး။ အလောင်း ၄၀ ကျော်ကို ကျတော့် မျက်စိနဲ့ မြင်ခဲ့ရတာ” ဟု
မိုးမိတ်မြို့ဒေသခံတစ်ဦးကပြောသည်။
သေဆုံးခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် မိုးမိတ်မြို့မှ ခလရ(၂၇၆) တပ်ရင်းမှူး ဗိုလ်မှူးထူးသက်ပိုင်လည်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။ ဗိုလ်မှူးထူးသက်ပိုင်၏ နာရေးကို ဇန်နဝါရီလ ၂၄ ရက်တွင် ၎င်း၏ ဇာတိဖြစ်သော ရှမ်း
ပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယာဉ်မြို့နေ
အိမ်၌ ပြုလုပ်ခဲ့သည်။
တိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်းလည်းသိရသည်။
ထိုအပြင်ဒေသခံ ၁၅ဦးသည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။
“ဇန်နဝါရီလ ၁၈ရက်ညနေ ၃နာရီလောက်က စစ်ရှောင်ဖို့ မိသားစုလိုက် လိုက်လာတဲ့ကား လေယာဉ်ဗုံးကျပြီး အကုန်သေဆုံးခဲ့တယ်။ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း လေကြောင်းကနေပစ်တယ်။ အရပ်သားသေဆုံးမှုက ၁၅ဦး မကဘူး ရှိခဲ့တယ်”ဟုဒေသခံတဦးကပြောသည်။
တိုက်ပွဲအတွင်းစစ်ကောင်စီ၏ အာသံကျေးရွာဂိတ်စခန်း၊ ရွှေဇာလီဂိတ်စခန်းနှင့် ရဲစခန်းတို့ကို KIA ဦးဆောင်သောပူးပေါင်းတပ်များက သိမ်းယူထားပြီး လတ်တလောတွင် စစ်တပ်သည် မြို့တောင်ပိုင်းရှိ စစ်တပ်ဗျူဟာကုန်း၌ တပ်စွဲထားကြောင်းသိရသည်။ ဇန်နဝါရီလ ၂၄ရက်မှစ၍ ပစ်ခတ်သံများမကြားရဘဲ တိုက်ပွဲအခြေအနေငြိမ်သက်နေကြောင်းဒေသခံများကပြောသည်။