မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ခင်ပလူရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်း ဖြစ်သူကို ဖမ်းဆီးခဲ့တယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်းဆီက သိရပါတယ်။
ဖမ်းဆီးခံရသူဟာ ပျူစောထီးခေါင်းဆောင် အသက် ၅၀ အရွယ် ဦးလှမျိုးဝင်း (ခ) မောင်ဝင်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်နေ့လယ်ပိုင်းမှာ မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်းနဲ့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တို့က ခင်ပလူရွာထဲမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“သူက အုပ်ချုပ်ရေးမှူးရော ပျူပါလုပ်တယ်။ ပြည်သူတွေကတိုင်ကြားလာလို့ စစ်ဆေးဖို့ သွားဖမ်းတာပါ” လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း သတင်းတာဝန်ခံက ပြောပါတယ်။
ဦးလှမျိုးဝင်ဟာ ကျေးရွာနေပြည်သူတွေကို မတရားဖိနှိပ်အနိုင်ကျင့်တာ၊ တော်လှန်ရေးရဲဘော်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို စစ်ကောင်စီတပ်တွေဆီ သတင်းပေးတာ၊ ပြည်သူ့စစ်စုဆောင်းရာမှာလည်း တာဝန်ခံလုပ်ဆောင်ပေးနေတယ်လို့ တိုင်ကြားမှုတွေရှိတာကြောင့် ခုလိုဖမ်းဆီးခဲ့တာလို့ အထက်ပါသတင်းတာဝန်ခံ ဆက်ပြောပါတယ်။
လက်ရှိမှာ ဦးလှမျိုးဝင်းကို မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်းမှာ စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးချိန်အတွင်း ရွာထဲရှိပျူစောထီးအဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးရဲဘော်တွေ ပစ်ခတ်မှုရှိခဲ့ပေမယ့် ထိခိုက်သေဆုံးတာတွေတော့ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။