ပြည်သူများ ထောက်ပို့လှူဒါန်းခဲ့တဲ့ မောင်း၁၀၀ ကမ်ပိန်းမှ ရရှိငွေများဖြင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အမှတ်(၁) ရဲ့ ရဲဘော်များထံ သေနတ်များ အပ်နှံခဲ့တယ်လို့ KNDF -Pekhon Zone ထံမှ သိရပါတယ်။
လက်နက်တပ်ဆင်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး၊ အထက်ပါ လက်နက် အပ်နှံခြင်းအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
ဒါအပြင် KNDF စစ်ဗျူဟာ(၁)ရဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးများ ၊ ဒုတပ်ရင်းမှူးများ၊ PDF ရှမ်းတောင် ဒေသရဲ့ ယာယီစစ်ဦးစီးချုပ်၊ ရဲဘော်များအပြင် အထူးဖိတ်ကြားထားတဲ့ မဟာမိတ်တပ်ပေါင်း စုများ ၊ ထောက်ပို့ အင်အားစုများ တက်ရောက်ခဲ့ကြတယ်လို့ အသိပေးပါတယ်။
မောင်း၁၀၀ ကမ်ပိန်းမှ ထောက်ပို့ငွေ ၅၈ ဒသမ ၁၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး၊ (KNDF) စစ်ဗျူဟာ အမှတ် (၁)မှ လိုအပ်လျက်ရှိတဲ့ မောင်းပြန်များကို ဝယ်ယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၁၁၁၁ စစ်ဆင်ရေး အောင်မြင်မှုအဖြစ်နဲ့ မိုးဗြဲ နဲ့ ဖယ်ခုံမြို့အတွင်းကို ဝင်ရောက်နိုင်ခဲ့ပြီး၊ ဖယ်ခုံ၊ မိုးဗြဲမှာတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်များ နဲ့ နေ့စဥ်ထိတွေ့တိုက်ပွဲဖော်ဆောင်လျှက်ရှိ တယ်လို့ တင်ပြထားပါတယ်။
ပြည်သူများရဲ့ ထောက်ပို့မှုကို အလဟသမဖြစ်စေဘဲ နွေဦးတော်လှန် ရေးအောင်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်သွားပါမယ်လို့လည်း ကတိပေးပြောကြားထားပါတယ်။