ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၈၆ တပ်စခန်းကို ယနေ့ KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း တနိုင်းမြို့ နယ် ၊ ဒလူးရွာရှိ ခလရ-၈၆ တပ်စခန်းကို KIA တပ်မဟာ ၂ ပူပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
“စကစ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားပြီ။ စစ်ခွေး အသေအပျောက်နဲ့လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု မသိရှိရသေးဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်ဟိုင်ကျေးရွာရှိ တာဝါတိုင်ကုန်းတွင် စခန်းချထားသော ခမရ ၁၄၄ တပ်စခန်းကို KIA က ယနေ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ကြောင်း သိရှိရသည်။
ဇန်နဝါရီ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်များက နန့်ဟိုင်ကျေးရွာ တာဝါတိုင်စခန်းကုန်းမှ ပြန်လည်ဆုတ်ခွာသွားသဖြင့် ယနေ့တွင် KIA တပ်များက နယ်မြေရှင်းလင်းပြီး စခန်းကို မီးရှို့လိုက်ကြောင်း သိရှိရသည်။