ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာ အုပ်စုမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် – PNA/PNO က တစ်ရွာကို အမျိုးသား ၅ ဦးနှုန်းနဲ့ အဓမ္မ လူသစ်စုဆောင်းနေတယ်လို့ ရွာခံတွေက ပြောပါတယ်။
မနေ့ ဇန်နာဝါရီ ၂၇က စတင်စုဆောင်းခဲ့ပြီး စငေါကျေးရွာအုပ်စု အတွင်းက ရွာပေါင်း ၃၂ ရွာလုံးမှာ စုဆောင်းနေတာ ဖြစ်တယ်လို့ ကျေးရွာခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲအတွက်တော့ မဟုတ်ဘူး။ လုံခြုံရေးအတွက် ကင်းလှည်းခိုင်းဖို့။ မပါလို့ မရဘူး၊ အမိန့်နဲ့ လာတာ။ သက်ဆိုင်ရာ ရွာလူကြီးတွေ အစည်းအဝေး ဆုံးဖြတ်ချက်ပါ ” လို့ သူကပြောပါတယ်။
ရွာပေါင်း ၃၂ ရွာ ရှိတာကြောင့် အမျိုးသားပေါင်း ၁၆၀ အထိ ပါဝင်ရမှာဖြစ်ပြီး အခြေခံပညာ သင်ကြားနေတဲ့ ကျောင်းသားတွေကလွဲလို့ အားလုံးပါဝင်နိုင်တယ်လို့ PNO က ညွှန်ကြားပြောဆိုထားပါတယ်။
စစ်ကောင်စီနဲ့ PNO ဘက်က ကင်းလှည့်ဖို့အတွက်ပဲ တာဝန်ပေးထားပေမယ့် အရေးကြုံလာရင် ရှေ့တန်းထွက်ခိုင်းမယ်လို့ ပြောထားတာကြောင့် အရွေးခံထားရတဲ့ လူငယ်တွေရဲ့ မိဘတွေက စိုးရိမ်ပူပန်နေကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အခုလို PNO က စစ်သားအဓမ္မစုဆောင်းတာ၊ စစ်ရေးပြင်တာတွေဟာ ဟိုပုံးမြို့ပေါ်အထိ မရောက်လာသေးပေမယ့် ရွာတွေဘက်မှာတော့ စတင်နေပြီလို့ ဟိုပုံမြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့ထဲတော့ အဲလိုမကြားသေးဘူး။ ရွာဘက်တွေပါပဲ။ ဟိုပုံးမှာတော့ စစ်ရေး စပြင်နေပြီ။ ဘန်ကာတွေ ဆောက်ထားပြီ။ အမြှောက်တွေရော ချိန်ထားတယ်” လို့ သူကပြောပါတယ်။
ဆီဆိုင်မြို့ ရပ်ကွက် တချို့မှာလည်း PNO တပ်က ရပ်ကွက် တစ်ခုကို တပ်သား ၄ ယောက် အဓမ္မ စုဆောင်းနေပြီး စစ်အသုံးစရိတ်အဖြစ် တစ်အိမ်ကို ငွေကျပ်တစ်သိန်း ကောက်ခံနေတယ်လို့ စုံစမ်းသိရပါတယ်။