ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ရှိ စစ်ကောင်စီ၏ ခမရ ၄၂၄ ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ခမရ ၄၂၃ တပ် ရင်း ကို PNLA နှင့်မဟာမိတ်တပ်များက သိမ်းပိုက်ထားကာ လက်နက်သိမ်းဆည်းရရှိမှုနှင့် သိမ်းပိုက်ရရှိထားသည့် တပ်စခန်းအခြေအနေများကို ထုတ်ပြန်မည်ဖြစ်ကြောင်း PNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆီဆိုင်မြို့ရှိ စစ်ကောင်စီ၏ ခမရ ၄၂၄ ကို PNLA နှင့်မဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းနောက် လက်နက်သိမ်းဆည်းရရှိမှု အခြေအနေများနှင့်ပတ်သက်သော ဗီဒီယိုနှင့်ဓာတ်ပုံများ ထုတ်ပြန်ခဲ့ကြောင်း၊ ထပ်မံ၍ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဆီဆိုင်မြို့ရှိ ခမရ ၄၂၃ ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး အခြေအနေ အသေးစိတ်များကို ဆက်လက် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
“ဆီဆိုင်မြို့ ခမရ ၄၂၃ လည်း ရပါပြီ။ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ပါတယ်။ မနေ့တစ်နေ ကုန် လေယာဉ်တွေနဲ့ ဗုံးကျဲတယ်။ လက်နက်ကြီးတွေကတော့ ဆိုက်ခေါင်ကဘက်ကနေ ပစ်တယ်။ ခမရ ၄၂၃ သိမ်းဆည်းရရှိတဲ့ အခြေအနေတွေကိုလည်း မကြာမီမှာ ထုတ်ပြန်မှာဖြစ်ပါတယ်” ဟု PNLA သတင်းရင်းမြစ်က ပြောဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသော PNLA က စစ်ကောင်စီတပ်များကို ညီနောင်မဟာမိတ်တပ်များနှင့်အတူ တိုက်ခိုက်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တရားဝင် သတင်း ထုတ်ပြန် ကြေညာခဲ့သည်။