နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံး အသံ တိတ်သပိတ်နှင့် အဖြူရောင် လှုပ် ရှား မှုတွင် ပါဝင်ကြရန် ဒေါက်တာတေဇာစန်း အပါအဝင် သပိတ်ခေါင်းဆောင်များက ပြည်သူလူထုကို တိုက်တွန်း တောင်းဆိုလိုက်သည်။
ယခု ၂၀၂၄ ခုနှစ်တွင် ပြည်သူလူထုတရပ်လုံးအနေနဲ့ တော်လှန်တိုက််ပွဲမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ရမယ့် နှစ်ဖြစ်ပြီး လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ ပြည်တွင်းပြည်ပ ပြည်သူအားလုံး “အဆုံးသတ်တိုက်ပွဲ” ကို နွှဲဆင်ရမယ့်ကာလဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူအားလုံး ပါဝင်နိုင်သည့် အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု တော်လှန်လူထုလှိုင်းတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြရန် မဖြစ်မနေ လိုအပ်ကြောင်း၊ စစ်အာဏာရှင် တော်လှန်ရေးတွင် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု (Civil Resistance) သည် အဓိကတိုက်ပွဲမဏ္ဍိုင်ကြီးတရပ်အဖြစ် ရှိနေပြီး လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲ ၂ ရပ်ကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီ ပေါင်းစပ်ဆင်နွှဲအားဖြင့် တော်လှန်ရေးရဲ့ အဆုံးသတ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာတေဇာစန်းက ပြောဆိုသည်။
ထို့ကြောင့် တော်လှန်ရေးကြီး ၃ နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် “လှည်းနေ လှေအောင်း မြင်းဇောင်း မကျန်” ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြသည့် အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်းတွင် လည်းကောင်း၊ အဖြူရောင် လှုပ်ရှားမှု (White Campaign) ကိုလည်းကောင်း ပါဝင်နိုင်ကြောင်း နိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီက ထုတ်ပြန်ကြေညာသည်။