ရှမ်းပြည်နယ် တောင်ကြီးမြို့၊ တောင်ကြီး – တာချီလိတ် လမ်းမကြီးပေါ်က ဆေးတက္ကသိုလ်မှာ ဒီနေ့ (ဇန်နာဝါရီ ၂၉) မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်လို့ ဆေးကျောင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“လူအင်အားတော့ ၂၀၊ ၃၀ လောက် ရှိမယ်။ လက်နက်ကြီးတွေလည်း ပါတယ်။ ဘန်ကာတွေ ဆောက်နေပြီ။ ကျောင်းအနေအထားကတော့ ပုံမှန်ပါပဲ”လို့ သူကပြောပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက ဆေးတက္ကသိုလ်နဲ့ တောင်ကြီးတက္ကသိုလ်တို့ရဲ့ ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါဆောင်တွေကို ပိတ်သိမ်းလိုက်ပေမယ့် ကျောင်းကတော့ မပိတ်သေးဘူးလို့ ဆိုပါတယ်။
အလားတူ မြစိမ်းတောင်ပေါ်မှာလည်း စစ်ကောင်စီက တပ်စွဲထားပြီး လက်နက်ကြီးနဲ့ ချိန်ထားတယ်လို့ သိရပါတယ်။
တောင်ပေါ်သွားခဲ့တဲ့ သတင်းအရင်းမြစ် တစ်ဦးက “ဆေးကျောင်းဘေးက တက်တဲ့လမ်းနဲ့ ကွန်ပြူတာ တက္ကသိုလ်က တက်တဲ့လမ်းတော့ ပိတ်ချလိုက်ပြီ။ ဘုရားဖြူ အေးစေတီကပဲ တက်လို့ရမယ်။ ပိတ်ထားတဲ့ လမ်းတွေကနေ လက်နက် သယ်နေတာ” လို့ ပြောပါတယ်။
ဒါ့အပြင် တောင်ကြီး မြို့ဝင် စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ကံကြီးရပ်ကွက်၊ မီးရထားသံလမ်း ဂိတ်နဲ့ ၄ မိုင် ဂိတ်တွေမှာလည်း ပျူစောထီးနဲ့ စစ်မှုထမ်းဟောင်းတွေ တပ်ဖြည့်ကာ ဖြတ်သွား/လာ ပြည်သူတွေကို ငွေညှစ်နေတယ်လို့ ဆိုပါတယ်။
တောင်ကြီးမြို့နဲ့ ၁၂ မိုင်ခန့်သာ ကွာဝေးတဲ့ ဟိုပုံးမြို့နယ်၊ အခြေခံပညာကျောင်းတွေကိုတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး ပြည်သူ့စစ်အင်အားတွေ အဓမ္မစုဆောင်းနေတယ်လို့ စုံစမ်း သိရပါတယ်။