ရှမ်းပြည်နယ်တောင်ပိုင်းထွက် သီးနှံကုန်စည်စျေးကွက်မှာ ဇန်နဝါရီ လကုန်ပိုင်းမှာ ဝယ်လက်မရှိတော့ဘဲ ရောင်းမရတာ တွေကြောင့်စျေးကွက်အေးစက်ကာ တောင်သူများ အခက်အခဲများစွာကြုံနေရတယ်လို့ သိရပါတယ်။
‘အရင်က ပွဲစားတွေဆင်းပြီး ခင်းလိုက်ဖြတ်ဖို့ ငွေချပေးတာ တွေရှိတယ်၊ ခုက ဝယ်လက်ကိုမရှိတာ မုံညင်းတွေဘယ်လိုလုပ်ရမလဲမသိတော့ဘူး၊ ရှေ့ကနဲနဲရလို့ ထပ်ရင်း အရှုံးများတော့ နလံထူဖို့ကမလွယ်၊ အရင်က ငွေလှည့်လို့ရသေးတယ် ခုက လုံးဝမရ’လို့ ဟဲဟိုးမြို့ ဝါးရုံပင်ရွာက တောင်သူတစ်ဦးကပြောပါတယ်။
စိုက်ခင်းတွေကို ဆေးဖြန်း ရေလောင်းတာက မဖြစ်မ နေလုပ်နေရပြီး စက်မောင်းဆီစျေး မြင့်တက်မှု၊ ဝယ်လက်မရှိမှုက ခက်ခဲစေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
‘တောင်သာ၊ မြင်းခြံတကျောက အဓိကအဝယ်လိုက်တာခုက သူတို့လဲအခြေအနေအရ မလာနိုင်ကြတော့ဘူး ခုပန်းကစျေးကွက်လေးနဲနဲရှိတာ အဲတာပဲစိုက်တော့မယ်၊ အာလူးစိုက်ချင်ပေမယ့် လုံးဝစျေးကွက်ပျောက်နေတော့’ လို့ ပြောပါတယ်။
အောင်ပန်းကုန်စိမ်းစျေးကွက်မှာလဲ အရောင်းအဝယ်တွေ ပါးနေတယ်လို့ သိရပါတယ်။
‘ဆီစျေး၊ ဂိတ်ကြေး၊ အချိန်မီ မရောက်တာ၊ ကားခတက်လာတာတွေက အားလုံးခက်ခဲစေတာပေါ့၊ အရင်ကကားတွေ ထွက်နိုင်ပေမယ့် ခုက တစ်စီးတောင်အနိုင်နိုင်’လို့ ပွဲရုံတွေက တစ်သံတည်း ညည်းပြော ပြောကြပါတယ်။
စျေးကွက်မှာ ဝယ်လက်တွေမရှိ တော့သလို ပင်လောင်း၊ ဆီဆိုင်ဖက်ကလည်း ကုန်တွေ မလာနိုင်ကြဘူးလို့ ပြောကြပါတယ်။
ရှမ်းတောင်ကုန်စိမ်းစျေးကွက်က စျေးနှုန်းတွေသာရှိပြီး ရောင်းမရ ဝယ်သူမရှိဖြစ်နေလို့ တောင်သူတွေရော ပွဲရုံတွေ၊ ကားတွေပါ အခက်အခဲတွေ များစွာဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။