မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ သက်ကြီးရွယ်အို ၂ဦး မီးလောင်သေဆုံးခဲ့ပြီး တစ်ရွာလုံး ပြာကျခဲ့ကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့ (ဇန်နဝါရီလ ၂၈ ရက်) ညနေ ၄ နာရီခွဲခန့်က ရေစကြိုမြို့နယ်တောင်ပိုင်းရှိ ကြူရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။လေးနာရီကျော်ကြာ မီးလောင်ကျွမ်းခဲ့ပြီး တစ်ရွာလုံးပြာကျခဲ့၍ အိမ်ခြေသုံးရာနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“တစ်ရွာလုံး မရှိတော့ဘူး။ တစ်ရွာလုံးအရှို့ခံရတာ။ လေကတိုက်နေတော့ပိုဆိုးတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် မီးလောင်ပြင်မှ သက်ကြီးရွယ်အိုရုပ်အလောင်း၂လောင်းလည်း တွေ့ရှိရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့နံနက်ပိုင်းက ကြူရွာအနီးရှိ ဆင်မရဲကျေးရွာပျူစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိနာခဲ့ကြောင်း သိရသည်။ထို့နောက် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကြူရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
အလားတူ စစ်ကောင်စီတပ်နှင့်ပျူများသည် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို ယနေ့နံနက်ပိုင်းအထိ စစ်ကြောင်းထိုးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။