ညီနောင်မဟာမိတ်သုံးဖွဲ့က အပြီးသတ်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ မြို့၊ ရန်သူ့စခန်းအချို့တို့ကို မဟာဗျူဟာမြောက် ဝိုင်းရံပိတ်ဆို့ထားတယ်လို့ မနေ့ညက ထုတ်ပြန်အသိပေးထားပါတယ်။
ပိတ်ဆို့ထားတဲ့ မြို့တွေဆိုတာက ရှမ်းမြောက်မှာဆို မူဆယ်မြို့အပါအဝင် အခြားသောမြို့အချို့ နဲ့ ရက္ခိုင်ဒေသအတွင်း အခြားမြို့အချို့တို့ကို ဆိုလိုကြောင်း ဥပမာထားပြောထားပြီး ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားဆဲဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် ရှမ်းမြောက်ဒေသအတွင်း အခုလ ၁၀၊ ၁၁ ရက်ကစပြီး ယာယီအပစ် အခတ်ရပ်စဲထားပေမဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေနဲ့ အတူ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးကိစ္စရပ်တွေမှာ တစ်ရက်မပျက်၊ တစ်မိနစ်မျှ အလဟဿမဖြစ်ရအောင် လုပ်ဆောင်လျက်ရှိနေကြောင်းကိုလည်း လေးစားစွာ အသိပေးပါတယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင် မြို့တွင်းမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်ဝယ်ခံတွေ ထိန်းချုပ်ထားတဲ့နေရာတွေက အွန်လိုင်းလောင်းကစား (ကျားဖြန့်) လိမ်လည်လုပ်ကိုင်သူ (၃၆,၀၀၀) မှ (၄၀,၀၀၀) နီးပါးကိုလည်း တရုတ်နိုင်ငံက တာဝန်ရှိသူတွေထံသို့ စစ်ရေးနိုင်ငံရေးဖိအားတွေအောက်မှာ မတတ်သာလို့ စစ်ကောင်စီဘက်က အပ်နှံခဲ့ရတယ်လို့ ဆိုပါတယ်။ ညီနောင်အဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ ကျားဖြန့်လုပ်ကိုင်သူ ၃၀၀၀ လောက်ကိုတော့ တရုတ်က တာဝန်ရှိသူတွေထံ လုံခြုံစွာအပ်နှံထားခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
တရုတ်ဘက်က ဖမ်းဝရမ်းထုတ်ထားတဲ့ ကျားဖြန့် ခေါင်းဆောင်ကြီးတွေကိုတော့ စစ်ကောင်စီက အပ်နှံခြင်းမရှိသေးဘဲ အကာအကွယ်ပေးထားဆဲပင်ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က ပြောပါတယ်။
သုံးလကြာ စစ်ဆင်ရေးအတွင်း အသက် ချမ်းသာရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် အရေအတွက်က ၆၀၀၀ ကျော်မကရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
သုံးလတာ ကြာခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ ရှမ်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တို့က မြို့ ၂၀ ကျော်ကို တိုက်ခိုက် သိမ်းပိုက်ထားပါတယ်။