အင်အား ၁၀၀ ကျော်ပါစစ်ကောင်စီတပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တောင်ပျောက်တိုက်နယ်ထဲက သဲချောင်းကြီးရွာမှာ ဒီကနေ့ မနက်က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းဟာ အခုလ ၂၆ ရက် နေ့ကတည်းက ထားဝယ် ခရိုင်၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်ထဲကို ဝင်လာခဲ့တာပါ။ ဒီနေ့ မနက် ၇ နာရီလောက်မှာ သဲချောင်းကြီးရွာကနေ ဝင်းကဖော်ရွာဘက်ကို စစ်ကြောင်းဆက်ထိုးတဲ့အချိန် ရွာရဲ့အနောက်ဖက်ကမ်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာပဲ ဖြစ်ပါတယ်။
“ဝင်းကဖော် အနောက်ကမ်းရောက်နေပြီလို့ သတင်းကြားပြီးတာနဲ့ ပစ်သံတွေကြားတာပဲ။ မိုင်းကွဲသံတွေရော၊ လက်နက်ကြီးသံ လက်နက်တွေအကြီးအကျယ်ပဲ” လို့ တောင်ပျောက်တိုက်နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ တစ်နာရီဝန်းကျင်လောက် ဆက်တိုက်ထွက်ပေါ်ခဲ့ပြီးနောက် အခုနေ့လယ်ပိုင်းမှာတော့ ပစ်ခတ်သံတွေပြန်ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းထိုးလာတာနဲ့ တိုက်ပွဲဖြစ်ပွားတာကြောင့် တောင်ပျောက်တိုက်နယ်ထဲက မယ်ကဲ၊ ဝင်းကဖော်၊ အလယ်စု၊ ကျောက်အိုင်၊ ကျွဲခြံနဲ့ အနီးအနားကရွာတွေက ဒေသခံတွေကတော့ အရေအတွက်ထောင်ချီပြီး စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
“လမ်းတလျှောက်မှာ တရွာပြီးတရွာရှောင်နေကြတာ။ ပြောင်းရွှေ့နေကြတာတော့ ပွဲတော်လိုပဲ” လို့ ကိုယ်တိုင်စစ်ဘေးရှောင်နေရသူ ဒေသခံတစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီတပ်သားတွေကတော့ အခုမွန်းလွဲပိုင်းမှာ တောင်ပျောက်တိုက်နယ်ထဲက ဝင်းကဖော်ရွာ အလယ်ပိုင်းကိုရောက်နေပြီလို့ ဒေသခံတွေကဆိုပါတယ်။
ထားဝယ်မြို့နယ် အရှေ့တောဒေသကိုလည်း အခုလ ၂၇ ရက်နေ့မှာ အင်အား ၁၅၀ ပါစစ်ကောင်စီစစ်ကြောင်းတစ်ခုက ဝင်ရောက်ခဲ့ပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့ကနေ့လယ်ပိုင်းမှာ ပခပ်ရွာအနီးက အမျိုးသားတစ်ဦးကိုပစ်သတ်ခဲ့ပြီး ရမ္မဇူရွာမှာတပ်စွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ အဲဒီစစ်ကောင်စီတပ်သားတွေဟာ ထားဝယ်မြို့ရဲ့အရှေ့ဘက်ကိုဆက်လက်စစ်ကြောင်းထိုးခဲ့ပြီး သင်္ကန်းတုံးရွာထဲကို ရောက်ရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အရှေ့တောနယ်ကစစ်ကြောင်းကြောင့် လမ်းတလျှောက်မှာရှိတဲ့ ဝက်သေ၊ ပခပ်၊ ရမ္မဇူ၊ သရက်ငုပ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနဲ့ ဝကုန်းရွာတွေက ဒေသခံတွေနီးစပ်ရာကိုတိမ်းရှောင်နေကြပါတယ်။
တောင်ပျောက်တိုက်နယ်နဲ့ အရှေ့တောဒေသကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနှစ်ခုစလုံးဟာ တော်လှန်ရေးတပ်တွေ အခုလ ၂၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဘန်းချောင်းဒေသ ကျောက်ထုစခန်းဘက်ကို ဦးတည်ပြီး ဝင် ရောက်နေတာပဲ ဖြစ်ပါတယ်။