စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်တွေ ဆီဆိုင်မြို့ကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ လုံခြုံမှုအားနည်းနေတာကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်သေးဘဲ ဘေးကင်းလုံခြုံရာမှာ ယာယီခိုလှုံနေကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။
ယင်းအတွက် မိဘပြည်သူတွေအနေနဲ့ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်စေဖို့ ဆီဆိုင်မြို့တွင်းကို ဝင်ရောက်တာ၊ နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းတွေပြန်သယ်တာတွေ မလုပ်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၈ ရက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာ၊ မီးလောင်ဗုံးနဲ့တိုက်ခိုက်တာတွေကြောင့် ဆီဆိုင်မြို့တွင်းက ပြည်သူပိုင်အိုးအိမ်စည်းစိမ်တွေ မီးလောင်ပျက်စီးခဲ့ရကာ ပြည်သူပိုင်ပစ္စည်းတွေကို လိုက်လံခိုးယူနေတဲ့ သူခိုး ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအတိုင်း အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ တစ်ဦးက “ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ။ သူခိုး ဓါးပြတွေကို ရဲက မဖမ်းဘဲနဲ့ သူပုန်တွေက ဖမ်းပေးနေရတယ်။ သူပုန်တွေကပဲ ပြည်သူကို အကာအကွယ် ပေးနေတယ်” လို့ ပြောပါတယ်။
လုံခြုံရေးဆောင်ရွက်နေတဲ့ PNLA စစ်ကြောင်းကိုလည်း ချောင်းမြောင်းပစ်ခတ်ဖို့ စောင့်နေတဲ့ စစ်ကေင်စီ လက်အောက်ခံ ပြည်သူ့စစ်၃ ဦးကို M22 သေနတ် ၁ လက်၊ မူးယစ်ဆေး ကျည်ဆံတွေနဲ့ ဖမ်းဆီးရမိခဲ့တာမှာ ပအိုဝ်းအချင်းချင်းတိုက်ခိုက်မှာ မဟုတ်တဲ့အတွက် အသက်ရှင်ခွင့်ပေးမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေအနေနဲ့ စစ်အာဏာရှင်လက်အောက်ကရုန်းထွက်ပြီး အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် အမြန်ဆုံး ကူးပြောင်းကြဖို့လည်း ထပ်မံကာ အထူးတိုက်တွန်းတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကြောင့် ပြည်သူတွေ ထိခိုက်နိုင်တာကို သိရှိနားလည်းပါသော် လည်း ပိုမိုဆိုးရွားတဲ့ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေကို မစတေးနိုင်တာဖြစ်လို့ အခုနည်းလမ်းကို ရွေးချယ်ရတာလို့ PNLA ထုတ်ပြန်ချက်က ဆိုပါတယ်။
တန်းတူညီမျှရေး အပြည်အ၀အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း ထာဝရတည်ငြိမ်အေးချမ်းတဲ့ လူမှုဘဝကို တည်ဆောက်နိုင်ရေးလက်ရှိအခြေအနေကို ပြည်သူများက နားလည်ပေးကြပါရန်အတွက်လည်း မေတ္တာရပ်ခံထားပါတယ်။