ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာအနီးရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ပဲခူး-ရန်ကုန် ဟိုင်းလတ်ကားပေါ်ကနေ လက်နက်တွေ ဖမ်းဆီးခံရတယ်လို့ အဲ့ဒီဂိတ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၂၉ ရက်ည ၈ နာရီကျော်မှာ ကျိုက်ထိုဘက်ကနေ ပဲခူးဘက်ကို အသက် ၂၀ အရွယ် ယာဥ်မောင်း အောင်ကိုမင်း မောင်းလာတဲ့ ဟိုင်းလတ်ကားဟာ အဆိုပါစစ်ဆေးရေးဂိတ်ကိုဖြတ်ချိန် စစ်ကောင်စီဘက်ကရှာဖွေရာမှာ လက်နက်တွေဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
“နနွင်းအိတ်တွေထဲ ထည့်သယ်လာရာမှာ ဖမ်းမိတယ်လို့ သိရတယ်။ ယာဥ်ပေါ်မှာက အမျိုးသမီး ၁ ဦးနဲ့ ယာဥ်မောင်းပဲပါတယ်။ မနေ့မနက်ပိုင်းကလည်း ခရီးသည်တင်ယာဥ်တစီးပေါ်က လက်နက်တွေ အများကြီးမိသေးတယ်။ အဲ့ဒါကိုတော့ စကစ ဘက်ကသတင်းဖုံးထားတယ်” လို့ စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ကားပေါ်ကနေ စနိုက်ပါ ၁ လက်၊ M 16 ၁ လက်၊ MA 1 ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၂၉၀၀ ထောင့်၊ ကျည်ဘောက် ၅ ခုနဲ့ ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလက်နက်တွေကို မြဝတီဘက်ကနေ တင်လာတာဖြစ်ပြီး ရန်ကုန်ကိုပို့မယ့် လက်နက်တွေ ဖြစ်တာကြောင့် လက်နက်သယ်ယူမှုလမ်းကြောင်းနဲ့ ဆက်စပ်သူတွေ အမြန်ရှောင်တိမ်းဖို့ လိုတယ်လို့လည်း အထက်ပါနီးစပ်သူက ပြောပါတယ်။
လက်ရှိမှာတော့ ကားနဲ့လက်နက်တွေကို စစ်ကောင်စီဘက်က သိမ်းဆည်းပြီး ကားပေါ်ပါ ၂ ဦးကိုတော့ ဘုရားကြီးစစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။