ဒီကနေ့ မနက်ကတည်းက စတင်ခဲ့တဲ့ ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်း စစ်ကြောင်းတို့ရဲ့ တိုက်ပွဲမှာ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေပါ ရှိနေတယ်လို့ ဒေသခံ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ရှိနေတဲ့မီးလောင်ချောင်းရွာက စစ်ဆေးရေးဂိတ်ကို ဒီကနေ့မနက် ၅ နာရီခွဲဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းစစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန် မနက် ၇ နာရီဝန်းကျင်မှာ မြိတ်လေတပ်စခန်းဘက်က စစ်ရဟတ်ယာဉ်တစ်စီးရောက်လာပြီး လေကြောင်းကနေ ပစ်ကူပေးနေတာလို့ ပုလောဒေသခံကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးကလည်း “ လတ်တလောမှာ ရန်သူဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပါတယ်ဗျ။” လို့ အတည်ပြုပြောပါတယ်။
မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမက တိုက်ပွဲဖြစ်ရာဝန်းကျင်အနီးမှာ အရပ်သားပြည်သူ ခရီးသွားကားတွေ ပိတ်မိနေတာတွေလည်း လတ်တလောမှာ ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မီးလောင်ချောင်း စစ်ကောင်စီဂိတ်က ထိတွေ့တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို တော်လှန်ရေးပူးပေါင်းစစ်ကြောင်းက ရဲဘော်တွေလည်း ကျဆုံးမှုတွေရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ သူတို့တွေရဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အဆိုပါမီးလောင်ချောင်းတိုက်ပွဲမှာ KNDO တပ်ခွဲ ၂၊ တောကြီးမြွေဟောက်တပ်ဖွဲ့၊ ပုလော စစ်ကြောင်း ၁၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFနဲ့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF တို့ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ ကနဦးသိရပါတယ်။
တပ်ဖွဲ့တွေအနေနဲ့ကတော့ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။