ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ် အလောင်း ၄၀ ကျော်ကျကျန်ရစ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြောပါတယ်။
မနေ့က ဆီဆိုင်မြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီနဲ့ ပြည်သူ့စစ် အလောင်းတွေ ထားခဲ့သလို ညနေပိုင်းဖြစ်တဲ့ တိုက်ပွဲမှာလည်း လက်နက် ၅၀ ကျော်ထပ်ရခဲ့ပြီး ဆီဆိုင်ကို ဆက်ထိန်းထားတယ်လို့ PNLA က ပြောပါတယ်။
စစ်ကောင်စီ လေယာဉ်က မနေ့ ဇန်နဝါရီ ၃၀ ရက် နေ့လည် ၁ နာရီက ညနေ ၅ နာရီအထိ ဗုံးကြဲခဲ့တာမှာ လွယ်ထွဲဘုန်းကြီးကျောင်းနဲ့ ရွှေညောင်ပင် ဆီပန့်ဆိုင်တို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
`မနေ့က နေ့လယ်ကနေ ညနေထိ ဗုံးကြဲတာ ဘုန်းကြီးကျောင်းနဲ့ဆီပန့်ဆိုင် ပေါ်ကျတာ မီးလောင်ပျက်စီးကုန်တယ်`လို့ အောင်ချမ်းသာ ရပ်ကွက်နေ သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ တပ်ရင်း ၄၂၃၊ ၄၂၄ ဘက်ကနေ စစ်တပ်နဲ့ PNO တွေက လက်နက်ကြီးနဲ့ပစ်ခတ်နေပေမယ့် သူတို့ အများအပြားကျဆုံးလို့ ထပ်တက်လာခြင်းမရှိဘဲ PNLO အနေနဲ့ ဆီဆိုင်မြို့ကို ထိန်းထားဆဲလို့ သိရပါတယ်။