အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းလိုက်တာဟာ အများရွေးချယ်ထားတဲ့အစိုးရကိုဖယ်ရှားရုံသာမကဘဲ ဆယ်စုနှစ် ၁ စုစာ တိုးတက်ပြောင်းလဲမှုကိုပါဆိတ်သုဉ်းစေခဲ့တယ်လို့ အမေရိကန်နဲ့ဥရောပသမဂ္ဂနိုင်ငံတွေပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်အာဏာသိမ်းခြင်း ၃ နှစ်မြောက်နေ့မှာ ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ကနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ လက်အောက်မှာ လူထောင်ပေါင်းများစွာထောင်ချခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းတို့နဲ့အတူ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ မြင့်မားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာ နိုင်ငံတစ်ဝန်းက နေအိမ်သုံးသောင်းကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်အာဏာသိမ်းပြီးနောက် နေအိမ်မီးရှို့ဖျက်ဆီးခံရမှုဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ၇၈၇၃၇ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရကာ အဲဒီထဲက နေအိမ် ၃၀၂၇၄ လုံးဟာ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်ပျက်စီးခဲ့တာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရလည်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော်ရှိနေပါတယ်။