ယခုနှစ်မှာ အကြမ်းဖက်စစ်အာဏာရှင်စနစ်အပြီးသတ်ချေမှုန်းရေးအတွက် မဟာမိတ်များနဲ့ အစွမ်း ကုန်ပူးပေါင်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက ပြောကြားလိုက်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ အကြိမ်အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး မိန့်ခွန်းပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာပါ။
“၂၀၂၁ ဆန့်ကျင်၊ ၂၀၂၂ ခိုင်မာ၊ ၂၀၂၃ စုစည်း အပြီးမှာ ၂၀၂၄ ခုနှစ်မှာ အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းတဲ့ မှတ်တိုင်နှစ်အဖြစ် မဟာမိတ်များ အားလုံးနဲ့ အတူတကွ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားဖို့ရန် ကျွန်တော်တို့အစိုးရမှ အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊” ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက ပြောကြားလိုက်တာပါ။
ဒါ့အပြင် စစ်ရေးအရှိန် အားကောင်းလာတာနဲ့အမျှ ထိန်းချုပ်နယ်မြေများ တိုးပွားလာပြီး တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့ဘဝလုံခြုံရေး၊ ပြည်သူ့ဝန်ဆောင်မှုစတဲ့ လုပ်ငန်းများ ပိုမိုလိုအပ်လာမှာ ဖြစ်တဲ့အတွက် အစိုးရ၊ လွှတ်တော် အပါအဝင်၊ လူထုကိုယ်စားပြု နိုင်ငံရေးပါတီများ၊ မြေပြင် ခေါင်းဆောင်များ၊ အဖွဲ့အစည်းများရဲ့ အမျှော်အမြင်၊ စေတနာနဲ့ လုံ့လဝီရိယတို့က ပိုမို အရေးပါလာမှာ ဖြစ်ကြောင်းနဲ့ အစိုးရအဖွဲ့အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
” အခု ၃ နှစ်တာကာလ ရောက်တဲ့အခါမှာ တော်လှန်ရေး အစောပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ စိုးရိမ်မှုတွေ၊ သံသယတွေ၊ အားမလို အားမရမှုတွေဟာ နေရောင်ခြည် အလင်းမှာ ကွယ်ပျောက်သွားရတဲ့ မြူနှင်းတွေလို စတင် ရှင်းလင်းလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးကာလကို ပြန်ကြည့်လျှင် အချိုးကွေ့ပေါင်းများစွာ၊ အခက်ခဲပေါင်းများစွာ ကို ကျွန်တော်တို့အစိုးရနဲ့ မဟာမိတ်များဟာ ပြည်သူနဲ့အတူ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ ကြတာ တွေ့ရပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ အကြိမ်အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ် ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြတာပါ။