ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်း ဈေးသည်တွေ အနေနဲ့ ဒီနေ့ (ဖေဖော်ဝါရီ ၁) စစ်အာဏာသိမ်းခြင်း ၃ နှစ်ပြည့် အထိန်းအမှတ် အသံတိတ်သပိတ်မှာ မပါဝင်ကြဖို့ စစ်ကောင်စီတပ်က ဖိအားပေး ခြိမ်းခြောက်ထားတယ်လို့ မြို့မဈေး သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဒီနေ့မှာ ဆိုင်မဖွင့်ကြတဲ့ ဈေးသည်တွေကို စစ်ကောင်စီက ရာသက်ပန် ဆိုင်ပိတ်သိမ်း သွားမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဆိုင်မပိတ်ရဲကြဘူးလို့ ဆိုပါတယ်။
မြို့မဈေးက ဈေးသည် တစ်ဦးက “ပျံကျတွေလည်း မပိတ်ရဘူး ပြောထားတယ်။ ပျံကျက ပိုကြောက်ရတယ်။ ဂဠုန်(စည်ပင်)တွေ ခွင့်ပြုမှ ရတာလေ။ ပိတ်ချင်ပေမယ့် နောက်ရက်လည်း မရောင်းရမှာစိုးလို့ မပိတ်ဖြစ်ဘူး” လို့ ပြောပါတယ်။
မြို့မဈေး၊ စဝ်စံထွန်းဈေး၊ အထက ၅ ဈေး၊ အဝေရာဈေး စတဲ့ ဈေးတွေနဲ့ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်က ဆိုင်ခန်းတွေကို ဒီနေ့မှာ ဈေးရောင်းကြဖို့ ရဲ၊ စစ်ကောင်စီတပ်သားနဲ့ စည်ပင် ဝန်ထမ်းတွေက လိုက်လံ ဟောပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက တောင်ကြီးမြို့တွင်း ဈေးဆိုင်တွေဟာ ၄၀ ရာခိုင်နှုန်းခန့်က အသံတိတ် သပိတ်မှာ ပါဝင်ကြပေမယ့် ဒီနှစ်မှာတော့ ၂၀ ရာခိုင်နှုန်းခန့်ကို လျော့ကျသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါပေမယ့် မြို့ခံ ပြည်သူ ၆၀ ရာခိုင်နှုန်းခန့်နဲ့ အခြေခံပညာ ကျောင်းသား၊ တက္ကသိုလ်ကျောင်းသား တချို့တွေကတော့ အသံတိတ်သပိတ်မှာ ပါဝင်ကြတယ်လို့ စုံစမ်းသိရပါတယ်။
တောင်ကြီးမြို့နယ်တွင်းက ပေါမူကျေးရွာအုပ်စုမှာတော့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO)က အသံတိတ်သပိတ် ပျက်စီးစေဖို့ ရည်ရွယ်ချက်နဲ့ ဒီနေ့ မနက်မှာ တစ်အိမ် တစ်ယောက် စည်းအဝေးခေါ်ပြီး လူစုလူဝေး ပြုလုပ်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။