အကြမ်းဖက်စစ်တပ်က စစ်ပွဲအတွင်းလိုက်နာကျင့်သုံးရမယ့် ဂျနီဗာကွန်းဗင်းရှင်းကို လိုက်နာမှု မရှိဘဲ ဖောက်ဖျက်ကျူးလွန်နေတယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန် အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ တပ်စခန်းများအနီးမှာ သာမက အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာ၊မြို့၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံများရှိရာ အများပြည်သူသွား လာရာ နေရာများမှာ မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်း ၊ တိုက်မိုင်း၊ ထောင်မိုင်းများကို ထောင်ထား ခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး အကြမ်းဖက်စစ်တပ်မှ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ခတ် နေသောကြောင့် တချို့သော လက်နက်ကြီးကျည်ဆံများမှာ မပေါက်ကွဲဘဲ ကျန်ရှိနေတယ်လို့ ပြောပါတယ်။
ရန်သူစစ်တပ်ရဲ့ အထက်ပါလုပ်ရပ်များကြောင့် အရပ်သား ပြည်သူများမှ မိုင်းနင်းမိမှု၊ စစ်ကျန် လက်နက်ကြီးပေါက်ကွဲမှုဖြစ်စဥ်များမှာ ညီနောင် ၃ ဖွဲ့ရဲ့ နေရာဒေသတွင် သာမက၊ နိုင်ငံအနှံ အပြား မှာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊သေဆုံးမှုများမှာ မြင့်တက်လာတယ်လို့ ထုတ်ပြန် ထားပါတယ်။
အရပ်သားပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများ၊ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး များဖြင့် ပစ်ခတ် နေသောနေရာများကို သတိထားရှောင်ရှားသွားကြရမှာဖြစ်ပြီး၊ ရန်သူစစ်တပ်ရဲ့ စစ်အကြွင်းအကျန်ပစ္စည်းများ၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံများကို ကိုင်တွယ်ခြင်း၊ ထုနှက်ခြင်း၊ ဆော့ကစားခြင်းများကိုလည်း မပြုလုပ်ဖို့ သတိပေး တိုက်တွန်း ထားပါတယ်။