ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ မိုင်းလွန်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီခန့်မှာ မိုင်းလွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို KNLA ပူးပေါင်းတပ်တွေဘက်က လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်လက်နက်ကြီး ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ ဇလဲတပ်စခန်းနဲ့ လိပ်သိုမြို့အနီး စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးပစ်ကူ အများအပြားပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တိုက်ပွဲက တော်တော်ဖြစ်ခဲ့တယ်။ လက်နက်ကြီးတွေလည်း အပြန်အလှန်ပစ်ကြတယ်။ စစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီးကတော့ ပိုများတယ်။ သိရသလောက်က သေဆုံးဒဏ်ရာရသူတွေလည်းရှိတယ်။ သေဆုံးသူတွေကတော့ အတိအကျမသိရဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီး ၁ လုံးဟာ ကော်ပတ်ခြံကျေးရွာနေ ဦးဖိုးပြား ၅၉ နှစ် နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး ဦးဖိုးပြား၊ ဇနီးဖြစ်သူ နော်ဝါးထူး ၅၅ နှစ်၊ သားဖြစ်သူ စောစိုးလင်းခိုင် ၈ နှစ်၊ နော်မလော် ၆၄ နှစ်၊ စောပြည့်ဖြိုးအောင် ၁၀ နှစ်တို့ဟာ မျက်လုံး၊ ခြေထောက်၊ လည်ပင်း၊ ရင်ဘတ်တွေမှာ အစမှန်ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုင်းလွန်နဲ့ကော်ပတ်ခြံကျေးရွာက နေအိမ် ၇ လုံးထက်မနည်း လက်နက်ကြီးထိလို့ ပျက်စီးခဲ့ပါသေးတယ်။
တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တွေဘက်မှာလည်း နှစ်ဖက်စလုံး ထိခိုက်သေဆုံးသူတွေရှိတယ်လို သိရပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ဝန်းကျင်ဟာလည်း ဘေးလွတ်ရာ တောတောင်တွေနဲ့ လိပ်သိုမြို့ဘက်တွေကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
သံတောင်ကြီးမြို့နယ်အတွင်းမှာ မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံတသောင်းဝန်ကျင်ဟာ တနှစ်ကျော်ကြာတဲ့အထိ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ Thandaung Mupoe က ဖော်ပြချက်အရ သိရပါတယ်။