ကရင်အမျိုးသားအစည်းအရုံး(KNU ) တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ၊မိတန်ကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲလို့ ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ KNU က အသိပေးပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ကျိုက်ဒုံမြို့အပိုင်ထဲမှာပါဝင်တဲ့ မိတန်ရွာကို ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချတာလို့ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က ဖော်ပြပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိတန်ရွာ မူလတန်း ကျောင်းနဲ့နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
KNU တပ်မဟာ ၆ ကတော့ စစ်ကောင်စီတပ်ဟာ ပေါက်ကွဲမှုအားပြင်းတဲ့ ပေါင် ၅၀၀ ဗုံးကြဲချတာလို့ဆိုပါတယ်။
ကျိုက်ဒုံမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်စတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းကနေပါ တိုက်ခိုက်လာတာပါ။
ကျိုက်ဒုံမြို့ပေါ် အခြေစိုက် စစ်ကောင်စီတပ်ရဲ့ နေ့စဉ်နီးပါးလက်နက်ကြီး ပစ်ခတ်မှု နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျိုက်ဒုံမြို့အနီးတဝိုက်က မိတန်ကျေးရွာ၊ မိနန်းအပ်နဲ့ ပိုးရေး စတဲ့ ရွာတွေက ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့သိရပါတယ်။