မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် လိုက်ပါလာတဲ့ကား မကွေးမြို့ကနေ ဆင်ဖြူကျွန်းဘက်ကို ထွက်လာတဲ့အချိန် ပွင့်ဖြူ-စလင်းလမ်းပိုင်း ရှောက်တောကျေးရွာအနီးအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပွင့်ဖြူမြို့နယ် အဖွဲ့ဆီက သိရပါတယ်။
စုစုပေါင်းမော်တော်ယာဉ် အစီး ၂၀ ဝန်းကျင်နဲ့ မကွေးကနေ ဆင်ဖြူကျွန်းဘက်ကိုထွက်လာတဲ့ အချိန် ဝန်ကြီးချုပ်လိုက်ပါလာတဲ့ ၆ စီးမြောက်ကားကို ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၁၀ နာရီဝန်းကျင်မှာ မိုင်း ၁ လုံး ဆွဲခဲ့တာလို့ ဆိုပါတယ်။
“ပတ်ဝန်းကျင်ပြောစကားအရတော့ ကားမှန်တွေအက်သွားတာတွေ့ရပြီး အမြန်မောင်းသွားတယ်လို့သိရတယ်။ မိုင်းဆွဲပြီးချိန်မှာ ပြန်ဆုတ်လိုက်ရတဲ့အတွက် ထိခိုက်မှုကို အတည်မပြုနိုင်သေးပါဘူး” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပွင့်ဖြူမြို့နယ် တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပွင့်ဖြူမြို့နယ်အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ဟာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မှာ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီမီဒီယာတွေမှာ ဖော်ပြထားပါတယ်။