မန္တလေးမှာ အခုရက်ပိုင်းအတွင်း ရုံးသွားရုံးပြန်ချိန်တွေကိုပစ်မှတ်ထားပြီး စစ်ကောင်စီက ယာဉ်စစ်ဆေးတာတွေ ခပ်စိတ်စိတ်ပြုလုပ်လာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။
ပုံမှန်အားဖြင့် မန္တလေးမှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းသာ ယာဉ်စစ်လေ့ရှိပေမယ့် အခုရက်ပိုင်းတွေမှာ မနက် ၈ နာရီကစပြီး ညနေ ၅ နာရီကျော်အထိ စစ်ဆေးမှုတွေပြုလုပ်လာတာပါ။
ဆိုင်ကယ် နဲ့ ဆိုင်ကယ်ဘေးတွဲတွေကို အဓိကထားစစ်ပြီး ငွေညှစ်တာတွေလည်းရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“အလုပ်သွားဖို့ ထွက်တုန်းရှိသေးတယ် သူတို့ကစစ်နေပြီ ” လို့ မန္တလေးမြို့ခံ ပုဂ္ဂလိကဝန်ထမ်း တစ်ဦးကပြောပါတယ်။
ယာဉ်စစ်တဲ့အဖွဲ့မှာ ယာဉ်ထိန်း ၊ရဲ နဲ့စစ်သား တို့ ပါဝင်ကြပြီး စစ်ဆေးရေးအဖွဲ့ရှိရာ တဝိုက်မှာလည်းလုံခြုံရေးယူထားကြပါတယ်။
အခုလို စစ်ဆေးတာကို အစစ်မခံဘဲ မောင်းပြေးတာ ၊ ယာဉ်စစ်အဖွဲ့ကိုတွေ့လို့နောက်ပြန်လည် မောင်းပြေးတဲ့ ဆိုင်ကယ်သမားတွေ ကို သေနတ်နဲ့ပစ်ခတ်တာမျိုးရှိပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း မဟာအောင်မြေမြို့နယ် ၇၃လမ်းနဲ့ ၃၆ လမ်းထောင့်မှာ ယာဉ်စစ်အဖွဲ့ကိုတွေ့လို့ ပြန်လှည့်ပြေးတဲ့ဆိုင်ကယ်သမားကို ပစ်ခတ်ဖမ်းဆီးရာမှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီး ထိမှန်ခဲ့ရပါတယ်။