အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိဒ်တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်အဖြစ် (၃)မိုင် လမ်းလျှောက်၍ ချီတက် ဆန္ဒပြပွဲကို ယမန်နေ့ (ဖေဖော်ဝါရီ ၄)က ပြုလုပ်ခဲ့သည်။
“3 Miles Freedom Walk, End of Military Dictatorship in Burma” လမ်းလျှောက်ဆန္ဒပြပွဲကို လော့အိန်ဂျယ်လိဒ်ရှိ Long Beach မြို့ Pacific သမုဒ္ဒရာဘေး လျှောက်လမ်းမတွင် ပြုလုပ်ခဲ့ပြီး မြန်မာ ၃၀၀ကျော် ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဆန္ဒပြ မြန်မာများက “တစ်သံတည်းညီ တစ်ချီတည်းရုန်း” ၊ “Our Voice Our Strike” ၊ “To End Military Dictatorship” ၊ “Save Myanmar” စသည့် စာသားများကို ကိုင်ဆောင်ပြီး “စစ်အာဏာရူး မင်းအောင်လှိုင် အလိုမရှိ” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် မိစ္စာစစ်တပ်အမြစ်ဖြတ်” ၊ “စစ်ခွေးထွက်ပြေး ၂၄” စသဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးပြီး (၃)မိုင်ခရီးကို လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် တောင်ပိုင်း ကယ်လီဖိုးနီးယားဒေသရှိ မြန်မာများက ပြည်တွင်းရှိ တော်လှန်ပြည်သူတွေနှင့်အတူ ဆက်လက်တိုက်ပွဲဝင်နေကြောင်းနှင့် ထောက်ပို့နေကြောင်းလည်း လမ်းလျှောက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် မြန်မာတစ်ဦးက ပြောသည်။
“ကျွန်မတို့ LA မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ၃ နှစ်ကြာကာလအတွက် Freedom Walk for Burma ကို Long Beach မှာ Pacific သမုဒ္ဒရာကြီးနဲ့အပြိုင် လူ ၃၀၀ ကျော် ၃ မိုင် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ရာသီဥတုက လေပြင်းမုန်တိုင်းကျနိုင်မှာကို သိရက်နဲ့ လာကြတဲ့ လူအုပ်စုပါ။ ပြည်ပက မြန်မာတွေက ပြည်တွင်းက အဖိနှိပ်ခံ ပြည်သူတွေ၊ အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေ၊ တိုက်ပွဲဝင် တော်လှန်ရေး သူရဲကောင်းတွေနဲ့ တသားတည်း ရပ်တည်ကြောင်း၊ မြန်မာပြည်သူတွေကို တရက်ကလေးမှ မမေ့ပါကြောင်း LA က သတင်းစကားပါးလိုက်ပါတယ်”ဟု လမ်းလျှောက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။