ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာမှာ လသာမီးအိမ်ကျောင်းသား ပရဟိတအဖွဲ့နဲ့ စစ်ဘေးရှောင်လူငယ် တွေပူးပေါင်းပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပတ်ဝန်းကျင်သန့်ရှင်းစေဖို့ စုပေါင်းအမှိုက်ကောက်ဖြစ်တယ်လို့ လသာမီးအိမ်ကျောင်းသား ပရဟိတ အဖွဲ့ခေါင်းဆောင်အမျိုးသမီးက ပြောပါတယ်။
ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံတွေ၊ စစ်ဘေးရှောင်လူငယ်တွေ အယောက် ၄၀ ကျော်က တပတ်ကိုတခါနှုန်းနဲ့ အကြိမ်ရေ ၂၀ ကျော်အထိ ကရင်နီပြည်ရဲ့ နေရာအနှံ့ကို ရွေ့ပြောင်းအမှိုက်ကောက်ခဲ့ကြတယ်လို့ သိရပါတယ်။
“နေရာတကာမှာ အမှိုက်တွေ တွေ့ရတာကို သဘောမကျဘူးပေါ့နော်။ ကောက်မယ့်သူမရှိဘဲ ဖွမယ့်သူပဲရှိတယ် အတူကောက်ရအောင်ဆိုပြီး ကျောင်းသားတွေကို စုစည်းတယ်ပေါ့။ အမှိုက်ကောက်တာအပြင် ဘိုးဘွားတွေအိမ်မှာလည်း အိမ်သန့်ရှင်းရေးလုပ်ပေးတာတွေရှိတယ်”လို့ သူကပြောပါတယ်။
ရပ်ရွာတွေ၊ စစ်ရှောင်စခန်းတွေ၊ လမ်းမကြီးတွေမှာ ပတ်ဝန်းကျင်သန့်ရှင်းစေဖို့အမှိုက်ကောက်တာတွေ၊ ဘိုးဘွားအိမ်တွေကို သန့်ရှင်းရေးပြုလုပ်ပေးတာတွေလုပ်နေပေမယ့် လက်အိတ်၊ Mask နဲ့ အမှိုက်အိတ်တွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူ လူထုတွေကလည်း နေရာဒေသပေါ်မူတည်ပြီး ပတ်ဝန်းကျင်သာယာစေဖို့ သစ်ပင်စိုက်တာတွေ၊ အမှိုက်ကောက်တာတွေ၊ သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့နေအိမ်တွေမှာ သန့်ရှင်းရေးလုပ်ပေးတာ၊ အဝတ်လျှော်ရေချိုးပေးတာ စတာတွေကို တလတကြိမ်နှုန်း ပြုလုပ်ပေးနေကြတယ်လို့ သိရပါတယ်။