ရခိုင်ပြည်၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ ခမရ (၃၇၆) တပ်ရင်းနှင့် မြောက်ဦး အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ (၃၇၈) တပ်ရင်းတို့ကို သိမ်းပိုက် ရရှိကြောင်း ရက္ခိုင့်တပ်တော် AA က ကြေညာသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်တွင် ကျောက်တော်အခြေစိုက် စစ်ကောင်စီ ခမရ (၃၇၆) တပ်ရင်းကို သိမ်းပိုက်ခဲ့သလို ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းတို့ကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့မှ ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့မခံသော စစ်ကောင်စီ၏ လက်ကျန် တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
ထို့အပြင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့ပတ်ဝန်းကျင်၌လည်း နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများ ရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်နယ် မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ဖေဖော်ဝါရီ ၅ ရက်နေ့ ဒုတိယနေ့အဖြစ် ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံ ထွက်ပြေးနေရသည်။
စစ်ကောင်စီတပ်၏ ထွက်ပြေးသွားသောသူများထဲမှ အချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး လက်ရှိအချိန် အထိ ထွက်ပြေးသူ ၆၀ ကျော်လာပြီးဖြစ်ကြောင်း သိရသည်။