မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသူတွေအတွက် ရည်ရွယ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန် ကို ဖေဖော်ဝါရီ လနှောင်းပိုင်း မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Sihasak Phuangketkeow ကပြောပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန် ကို တက်ခ် ခရိုင် ၊ မဲဆောက်မြို့မှာ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ စတင်သွားဖို့ ရည်ရွယ်ထားပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူ နှစ်သောင်းနဲ့ မြန်မာနိုင်ငံ ထဲက စစ်ပွဲဖြစ်ပွားရာ ဒေသ က ပြည်သူ တွေကို အစားအစာ နဲ့ ဆေးဝါးတွေ စတင်ထောက်ပံ့ ပေးဖို့ ရှိတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံက ဦးဆောင်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ခြေလှမ်းသစ်ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရေး အတွက်လမ်းစဖြစ်တယ်လို့ လည်း သူကပြောပါတယ်။
ထိုင်းနိုင်ငံဘက်က မြန်မာအရေး နဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးလို့တဲ့ နောက်ဆုံးပန်းတိုင်ဟာ ပဋိပက္ခတွေ ပြေလည်စေဖို့ နဲ့ မြန်မာ စစ်တပ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေ အကြား တွေ့ဆုံဆွေးနွေးပြီး ပဋိပက္ခတွေ ပြေလည်သွားစေဖို့ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးက ဒီကနေ့ ပြောကြားခဲ့ပါတယ်။
ထိုင်းအစိုးရ အနေနဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေ ၊ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေး အဖွဲ့ တွေ နဲ့ မြန်မာစစ်တပ် တို့ အကြား အားလုံးပါဝင်မယ့်ဆွေးနွေးပွဲ တစ်ရပ်ဖြစ်ပေါ်လာဖို့ ကြိုးပမ်းသွားမယ်လို့ လည်း ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲတွေကို နှစ်လယ်လောက်မှာ စတင်သင့်ပါတယ် လို့ ထိုင်းနိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Sihasak Phuangketkeow ကပြောပါတယ်။
တွေ့ဆုံဆွေးနွေးရေး အတွက် အသေးစိတ်အချက်အလက်တွေကိုတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသွားခြင်းမရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် တွေ့ဆုံ ဆွေးနွေးရေးအတွက် မြန်မာ စစ်တပ် က သဘောတူခဲ့ခြင်း ရှိ၊ မရှိ ကိုလည်း ပြောကြားခြင်း မရှိပါဘူး။