စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကူတော် ရဲကင်းစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ရက်ပိုင်းအတွင်း ထပ်မံသွားရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၄ ရက် ညနေ ၄နာရီခန့်က ဘုတလင်မြို့နယ်၊ ကူတော်ရဲကင်းစခန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ကြာမြင့်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။
အဆိုပါထိတွေ့မှုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ ကျဆုံးခဲ့ကြောင်း ကာကွယ်ရေးရဲဘော်များက ပြောသည်။
“ဟိုဘက်က(စကစဘက်က) နှစ်ယောက်လောက် ကျသွားတယ်ပြောတယ်။ ကျွန်တော်တို့ဘက်က လေးယောက်ဒဏ်ရာရတယ်။ တစ်ယောက်ကျဆုံးတယ်။ စစ်ရေးအတွေ့အကြုံနည်းတဲ့ ရဲဘော်လေးတွေလည်းပါသွားတော့ အားသာမှုတော့မရဘူးပေါ့။ စခန်းနားတအားကပ်သွားတော့။”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇန်နဝါရီ၂၆ ရက်ကလည်း ကူတော်ရွာ ရဲစခန်းမှထွက်လာသည့် စစ်အုပ်စုကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်မှုများရှိခဲ့သည်။
ထို့နောက် စစ်အုပ်စုက ကူတော်ရွာရှိ နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကူတော်ကျေးရွာ၌ စစ်ကောင်စီတပ်က ၂၀၂၁ ကတည်းက တပ်စွဲထား၍ ရွာခံပြည်သူများနေထိုင်ခြင်းမရှိတော့ပေ။
ကူတော်ရဲစခန်း၌ လက်ရှိ အင်အား၄၀ ခန့်ရှိပြီး အဆိုပါ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးအဖွဲ့များ ထိတွေ့ပစ်ခတ်မှု မကြာခဏဖြစ်ပွားခဲ့သည်။