ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရဲ့ အကြီးဆုံးပျူခေါင်းဆောင် ဖိုးသာထူး ခေါ် ညီညီထွန်း ဟာ သူ့လက်အောက်ပျူစောထီးတွေကို ပေးရမဲ့ လစာနဲ့ဆန်တွေ မပေးနိုင်တော့လို့ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းလေးဒေသမှာ လစာအဖြစ် ငွေ ၁ သိန်းခွဲနဲ့ ဆန် ၁ အိပ်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ စည်းရုံးသိမ်းသွင်းထားတဲ့ လက်အောက်ပျူတွေရဲ့လစာတွေကို မပေးနိုင်လို့ထွက်ပြေးသွားတာဖြစ်ပြီး ပျူတွေကိုယ်တိုင် သူတို့ဆရာကို လိုက်စုံစမ်းနေတယ်လို့ဆိုသလို စုဖွဲ့မှုတွေ ပြိုကွဲနေတယ်လို့ ပြောကြပါတယ်။
အင်းဒေသမှာဖွဲ့စည်းထားတဲ့ ပျူအင်အား ၇၀ ကျော်အတွက် ငွေတွေကို မပေးနိုင်တော့လို့ ပျူတွေ အစုလိုက် နှုတ်ထွက်တဲ့သတင်းကြားရပြီးနောက်မှာ အခုလို့ သူရှောင်ထွက်ပြေးတဲ့ သတင်းထွက်ပေါ်လာတာပါ။
သူ့ရဲ့ လူမှုစာမျက်နှာမှာတော့ ထိုင်းနိုင်ငံဘက်ကိုသွားတယ်လို့ ဖော်ပြထားပေမယ့် တစ်ကယ်မသွားဘဲ ပြည်တွင်းတစ်နေရာမှာခိုနေ တယ်လို့ ဒေသခံတွေက ပြောနေကြသလို သူ့အမရှိရာ သြစတေးလျကို လိုက်သွားမယ်လို့လည်းကြားနေတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။
သူ့လူမှုစာမျက်နှာမှာတော့ လေယာဉ်အိမ်သာအတွင်း အရက်ခိုးသောက်နေတဲ့ပုံကို တင်ထားပါတယ်။
“လစာမရလိုက်တဲ့ သူ့ရဲ့လက်အောက်က ပျူစောထီးတွေက သူ့ကို သဲကြီးမဲကြီးလိုက်ရှာနေတယ်လို့ ကြားတယ်၊ ဒီလူကတော့ PDF လက်ချက်နဲ့မကြွဘဲ ပျူအချင်းချင်း ပြန်ချလို့ကြွမယ်ထင်တယ်” လို့ အင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အင်းလေးပျူခေါင်းဆောင် ဖိုးသားထူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က အရက်မူးပြီး ကျေးရွာအတွင်း သေနတ်အချက်ပေါင်းများစွာ ဖောက်ပြီး ဒေသခံလူထုကို “မိုက်ရင်ထွက်ခဲ့၊ အကုန် ပစ်သတ်လို့ရတယ်” ဆိုပြီး စိန်ခေါ်သောင်းကျန်းခဲ့သေးတာ ဖြစ်ပါတယ်။
သူ့ကို လက်ရှိ စစ်ကောင်စီခန့်ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ခန့်ထားတာဖြစ်ပြီး အင်းဒေသမှာ စစ်ကောင်စီ၊ PNO တွေနဲ့ပေါင်းပြီး ဒေသခံတွေကို မတရားဖမ်းဆီး ငွေညှစ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားနေသူ တစ်ဦးဖြစ်ပါတယ်။