ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို လက်ရှိထိန်းချုပ်ထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ တွင် အများပြည်သူသို့ အထူးမေတ္တာရပ်ခံချက် တစ်ရပ် ထပ်မံထုတ်ပြန်လာပါတယ်။
ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီနဲ့အပေါင်းပါတွေက လက်နက်ကြီးတွေ၊ လေယာဉ်တွေဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် နေ့စဉ်တိုက်ပွဲပြင်းထန်နေလျက်ရှိရာ အခြေအနေ တည်ငြိမ်မှုမရှိတာကို အခွင့်ကောင်းယူတဲ့ လူဆိုး၊ သူခိုးတွေက ပြည်သူပိုင်အိမ်ယာများကို ဖောက်ထွင်းခိုးယူနေတာကို PNLA လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူလျက်ရှိတယ်လို့ ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေသော်လည်း အချို့ပြည်သူတွေက အရဲစွန့်ကာ နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းပြန်သယ်တာ၊ မြို့တွင်းပြန်ဝင်ရောက်တာတွေ ပြုလုပ်နေကြရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေယာဉ်နဲ့ ဒရုန်းဗုံးဒဏ်များနဲ့ တိုက်ခိုက်ကြောင့် မလိုလားအပ်ဘဲ ပြည်သူတွေကို ထိခိုက်စေလျက်ရှိတဲ့အတွက် မြို့ထဲပြန်ဝင်၊ အိမ်ပြန်ကြည့် ပစ္စည်းယူတာတွေ မပြုလုပ်ဘဲ ယာယီဘေးကင်းရာမှာခိုလုံနေဖို့ တိုက်တွန်းတယ်လို့ ပါရှိပါတယ်။
PNLA အနေနဲ့ ဆီဆိုင်မြို့နဲ့ ပတ်သက်တဲ့ သတိပေးချက်တွေကို မကြာခဏ ထုတ်ပြန်လျက်ရှိတာပါ။
စစ်ဘေးရှောင်တော့ သူများဆီမှာနေရတာ၊ ဝင်ငွေလဲမရှိ၊ စားဖို့ကမရှိလာတော့ သူခိုး မခိုးခင် အိမ်က ရောင်းလို့ရနိုင်မှာလေးတွေ ပြန်ယူတာ လက်နက်ကြီးတွေ ကျပေါက်ကွဲလို့ ဘာမှ မယူနိုင်ဘူးအမြန် ပြန်ပြေးရတယ်၊ ဟိုခဲဘုန်းကြီးကျောင်းလဲ ဗုံးတွေထပ်ထိထားတယ်`လို့ ဟိုခဲရပ်ကွက်က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ အပေါင်းပါတပ်တွေဟာ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်က နောင်အယ်ရွာသား အသက် ၅၀ အရွယ် ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီစခန်းအနီးမှာ သွားလာနေထိုင်တာတွေ မပြုလုပ်ဖို့ သတိဝရိယနဲ့ ဘေးကင်းလုံခြုံရာမှာ နေထိုင်ကြဖို့အလေးအနက်တိုက်တွန်းတယ်လို့ အထူးသတိပေးချက်ထုတ်ပြန်ထားပါတယ်။