ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ကရင်နီဒေသသတင်းရင်းမြစ် JOBS For Kayah မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ရေးပစ်မှတ် မဟုတ်သည့် စစ်ဘေးရှောင်ကလေးများနှင့် ဒေသ ကျေးရွာမှ ကလေးများ စာသင်ကြားနေသည့် စာသင်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးများကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ကလေးငယ် ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူ ကလေးငယ်များမှာ အသက် ၁၁ နှစ်မှ အသက် ၁၃ နှစ်အကြား ယောင်္ကျားလေးများဖြစ်ကြောင်း သိရှိရသည်။
“အပိုင်းပိုင်း ပြတ်နေတဲ့ ခန္ဓာကိုယ် အပိုင်းအစတွေကို ဘယ်သူကလေး ၊ငါ့ကလေး မသိတော့ဘူး။ ခွဲမရဘူး။ တစ်စစီ ကောက်နေရတယ်” ဟု JOBS For Kayah မှ တာဝန်ရှိသူက ရှင်းပြသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ကလေးငယ် ၁၀ ဦးတွင်လည်း စိုးရိမ်ရဒဏ်ရာရရှိသူ ကလေးငယ်များ ပါဝင်နေကြောင်း သိရှိရ သည်။
“ဒဏ်ရာရတဲ့ ကလေးတွေထဲမှာလည်း ဒဏ်ရာ အရမ်းပြင်းလို့ စိုးရိမ်ရတယ်လို့ ကြားတယ်။ ကလေးတွေ စာသင်နေတုန်း၊ ကျောင်းတက်ချိန်မှာ ဗုံးလာကျဲချသွားတာ။ ဒဏ်ရာရ ကလေးတွေထဲမှာ ဘယ်လောက် အခြေအနေဆိုးကြလဲဆိုတာတော့ အသေးစိတ်တော့ မသိရသေးဘူး။ “ဟု ကရင်နီဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။
ကရင်နီဒေသတွင် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ Clean Yangon မှ မသဉ္ဇာအေးက “လတ်တလော ၃ ယောက်ဆုံးသွားတယ်ဆိုတာပဲ သိရသေးတယ်။ ထိတာတွေလည်းများတယ်” ဟု ပြောဆိုသည်။