စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ရှိ မြို့နယ်သုံးခုတွင် စစ်ကောင်စီစစ်ကြောင်းက လူငယ်နှစ်ဦးအား ထပ်မံဖမ်းဆီးသတ်ဖြတ်ပြီး တစ်လကျော်ကာလအတွင်း ဒေသခံပြည်သူ ၁၃ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၆ ရက် ည ၁၁နာရီခန့်က ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာကို အင်အား၈၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့သည်။
ထို့နောက် ကျေးရွာအတွင်းရှိ အရပ်သားလူငယ် နှစ်ဦးဖြစ်သော အသက်(၂၈)နှစ်အရွယ် ကိုဇော်သိန်းထိုက်နှင့် အသက်၃၁နှစ်အရွယ် ကိုသိန်းသန်းကြွယ်တို့ကို ဖမ်းဆီးကာ သတ်ဖြတ်သွားကြောင်း ရေဦးနယ်အခြေစိုက် People Defense Force Comrade အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။
အဆိုပါ စစ်ကြောင်းအတွင်း ခလရ (၇၁)နှင့် ခမရ(၇၀၈)အခြေစိုက် စစ်ကောင်စီတပ်သားများပါဝင်ပြီး ၂၀၂၄ ဇန်နဝါရီ ၁ ရက်က စတင်ကာ ရေဦးမြို့တွင်းမှ ထွက်လာပြီးနောက် ယနေ့အထိ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနယ်များရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်။
“ရေဦးနယ် ခင်ဦးနယ် ဒီပဲယင်းနယ် သုံးနယ်စလုံးက ကျေးရွာတွေကို ညပိုင်းအချိန်မှာ ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးတယ်။ ပြည်သူတွေဆီကနေ ဖုန်း၊ရွှေ၊ငွေတို့ကိုချွတ်ယူပြီးမှ PDFခေါင်းစဥ်တပ် ရက်ရက်စက်စက်သတ်ဖြတ်မှုတွေဆက်တိုက်ပြုလုပ်နေတယ်။”ဟု People Defence Force Commrade အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီ ၃ရက်မှ ၁၂ရက်အတွင်း ခင်ဦးနယ်အနောက်ခြမ်း၌ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအပါအဝင် အမျိုးသမီး နှစ်ဦး၊ အမျိုးသား နှစ်ဦး၊ ဇန်နဝါရီ ၁၈ရက်မှ ၂၀ ရက်အတွင်း ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးတာဝန်ခံ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား လေးဦး၊ ဇန်နဝါရီ ၂၃ရက်တွင် ရေဦးနယ်၊ ကုန်းသာရွာ၌ ကာကွယ်ရေးရဲဘော် တစ်ဦး၊ ဖေဖော်ဝါရီ ၁ရက်နှင့်၂ရက်က ခင်ဦးနယ်၊ သာဝတ္ထိရွာမှ အသက်(၆၀)ခန့်အရွယ် အမျိုးသား သုံးဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ထိုစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာမှ လူငယ် လေးဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒီပဲယင်းပကဖအဖွဲ့မှ ကိုငှက်ဆိုးကြီးက ပြောသည်။
ထို့အပြင် ကျွန်းတောကြီးရွာက နေအိမ် ၁၀လုံး၊သာဝတ္ထိရွာမှ နေအိမ် ၁၄၈လုံးနှင့် စပါးတင်းရေ တစ်သောင်းကျော်၊ သဲကုန်းကြီးရွာမှ နေအိမ် လေးလုံးတို့လည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ယမန်နေ့ကစပြီး ရေဦးအနောက်ခြမ်းကို စစ်ကြောင်းပြန်ထိုးလာ၍ ကျေးရွာ၁၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရသည်။
ထိုစစ်ကြောင်းသည် လက်ရှိ ဒီပဲယင်းနှင့် ရေဦးမြို့နယ်အစပ် ရေဦးမြို့နယ် မုတ်စီကျေးရွာတွင် တပ်စွဲထားပြီး ညအချိန်တွင် ဝင်ရောက်စီးနင်းတတ်၍ ပြည်သူများသတိပြုနေထိုင်ကြရန် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က သတိပေးထားသည်။