တနင်္သာရီတိုင်း၊ ထားဝယ်မြစ်အတွင်းရှိ စစ်ကောင်စီ၏ စစ်သင်္ဘောကိုလက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။
အဆိုပါ စစ်သင်္ဘောသည် ပြီးခဲ့သည့် မိုးတွင်းကာလကတည်းက ထားဝယ်မြစ်အတွင်း ဝင် ရောက်လာခြင်းဖြစ်ပြီး အနီးနားရှိ ပြည်သူ့ကာကွယ်ရေးတပ်များအား လက်နက်ကြီးပစ်ကူပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။
“သင်္ဘောကတော့ ထိတော့ထိတယ်။ ထိခိုက်မှုအတိအကျတော့ မသိဘူး။သင်္ဘောကတော့ ထိပြီးတာနဲ့ လောင်းလုံမြို့နယ်က ပျူစောထီးရွာ ကျောက်နီမော်ရွာကို ကမ်းကပ်သွားတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ စစ်သင်္ဘောများသည် သရက်ချောင်းမြို့နယ်၊ထားဝယ်မြစ်ဝတွင် အထိုင်ချထားခြင်း ဖြစ်သည်။ အဆိုပါ သင်္ဘောများသည် သရက်ချောင်းနှင့် လောင်းလုံမြို့တို့ကို ပစ်ခတ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဇန်နဝါရီ ၃၀ ရက်က လောင်းလုံမြို့တွင်းတိုက်ပွဲကိုလည်း စမ်းလှမ်းကျေးရွာနားမှ လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု ဆိုသည်။
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီက စစ်သင်္ဘာများအပြင် အရပ်သား ငါးဖမ်းလှေများကိုလည်း အသုံးပြုတိုက်ခိုက်မှုများရှိသည်ဟု ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။