နှစ်လကျော်ကြာ စစ်ရေးတင်းမာနေတဲ့ ကော့ကရိတ်မြို့ဆီ စစ်ကောင်စီတပ်ဟာ စစ်ကူပေးပို့တာကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လုပ်ဆောင်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကသိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက်က မွန်ပြည်နယ် ၊မော်လမြိုင်ကတဆင့် အိန္ဒု − သာမည − ကျုံဒိုး ကားလမ်းအတိုင်း အင်အား ၂၀၀ ခန့်ပါတဲ့ စစ်တပ်ကား ၁၀ စီးခန့် ကော့ကရိတ်မြို့ဆီ ဦးတည်သွားခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့မကျဖို့အတွက် အင်အားဖြည့်နေတာလို့ ကော့ကရိတ်တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ကျားဖြူစစ်ကြောင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မှတ်ချက်ပြုပါပါတယ်။
” ကော့ကရိတ်မှာ အင်အားဖြည့်နေတာပါ ” လို့ ကျားဖြူစစ်ကြောင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
စစ်ကူ တက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ကို ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ကျုံဒိုးနဲ့ကော့ကရိတ်မြို့ကြားမှာ KNU ပူပေါင်းတပ်တွေနဲ့ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ပါသေးတယ်။
ထိုင်း − မြန်မာနယ်စပ်ကုန်သွယ်ရေးအာရှလမ်းမကြီးပေါ်မှာရှိတဲ့ ကော့ကရိတ်မြို့ကို သိမ်းဖို့အတွက် ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလ ၁ ရက်ကစတင်ပြီး KNU နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။
နှစ်လကျော်ကာလအတွင်းကော့ကရိတ်မြို့ပေါ် နေရာအများစုနဲ့ အာရှလမ်းကြီး လမ်းပိုင်းတွေကို KNU နဲ့ ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပါတယ်။
တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ခံ ပြည်သူ သောင်းနဲ့ချီ ဦးရေဟာ ထွက်ပြေးစစ်ရှောင်နေကြရပါတယ်။
ဒါအပြင် အာရှလမ်းမကြီးလည်းတိုက်ပွဲဖြစ်ချိန်ကစတင်ပြီး ပိတ်ထားရပါတယ်။