မြန်မာ့နွေဦးတော်လှန်ရေးတွင် မြန်မာနိုင်ငံသားတရုတ်လူမျိုးများ၊ ကမ္ဘာတဝန်းမှ မြန်မာနွယ်ဖွား တရုတ်လူမျိုးများ၏ တက်ကြွစွာပါဝင်မှုကိုလည်း လေးစား ဂုဏ်ယူပါကြောင်း နှစ်သစ်ကူးအခါသမယတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယာယီသမ္မတပြောကြားသည့် တရုတ်နှစ်သစ်ကူး ဆုတောင်းစကားကို ယနေ့ (ဖေဖော်ဝါရီ ၁၀ရက်) တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နှစ်သစ်ကူးအချိန်အခါသမယ၌ မြန်မာနိုင်ငံသားတရုတ်လူမျိုးများနှင့် ကမ္ဘာတဝန်းရှိ တရုတ်လူမျိုးများအားလုံး ဘေးအန္တရာယ် ကင်းဝေးပြီး ငြိမ်းချမ်းသာယာမှုအပေါင်းရရှိခံစားရပါစေဟုလည်း ယာယီသမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံ တိုင်းရင်းသားမျိုးနွယ်စုများ၌ တစ်ခု အပါအဝင်ဖြစ်သော ကိုးကန့်လူမျိုးစုတပ်ဖွဲ့ဖြစ်သော ကိုးကန့်တပ်မတော်(MNDAA)သည် နွေဦးတော်လှန်ရေးကာလ၌ စစ်ကောင်စီကို တက်ကြွစွာ တိုက်ခိုက်ခဲ့ပြီး ၎င်းအပါအဝင် မဟာမိတ်များက ၂၀၂၃ အောက်တိုဘာ ၂၇ရက် တွင် ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့သည်။
အဆိုပါ စစ်ဆင်ရေးဆင်ရေးကို မြန်မာ-တရုတ်နယ်စပ်ဒေသများအပါအဝင် ရှမ်းမြောက်နေရာအနှံ့အပြား၌ ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ် စစ်ရှုံးပြီး တပ်စခန်းများ၊ နယ်မြေနှင့် မြို့များစွာကို စွန့်လွှတ်ခဲ့ရသည်။
MNDAA အပါအဝင် ကိုးကန့်၊ တအာင်း၊ ရက္ခိုင် ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း တရုတ်နှစ်သစ်ကူးကာလနှင့်ပတ်သက်ပြီး ၎င်းတို့ သဘောထားကို ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားရာ ယခုနှစ်သည် တရုတ်လူမျိုးများ၏ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းမည့် “အထွတ်အမြတ်နဂါးနှစ်” ဖြစ်ကြောင်း၊ နဂါးနှစ်၏ ထူးခြားသောဝိသေသများနှင့် ပျော်ရွှင်မှုများသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသောဆန္ဒနှင့် ထပ်တူကျလိမ့်မည်ဟု မိမိတို့မှ မျှော်လင့်ကြောင်း ထုတ်ပြန်သည်။
အထူးသဖြင့် မြန်မာပြည်သူလူထုတစ်ရပ် လုံး၏ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ်အမြစ် ဖြတ်ရေးသည် ယခုနဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟူ၍လည်း ယုံကြည်ကြောင်း ညီနောင်သုံးဖွဲ့က ဖော်ပြသည်။
ကမ္ဘာအရပ်ရပ်ရှိ တရုတ်လူမျိုးများ၏ အလေးအမြတ်ထားရာ တရုတ်နှစ်သစ်ကူးကာလတွင် မိသားစုများစုံစုံညီညီနှင့် Family Reunion ညနေခင်းကို အတူဖြတ်သန်းနိုင်ရန် မျှော်လင့်ကြောင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့်လည်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိကြောင်း အသိပေးထားသည်။