ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူများကို ပြည်သူ့စစ် သင်တန်းတက်ရန် ခြိမ်းခြောက်ဖိအားပေး လူစုနေသော ရွှေဝါမြိုင်အုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ရွှေဝါမြိုင်အုပ်စု အုပ်ချုပ်ရေးမှူး မြင့်ဟန်ကို ရွှေဝါမြိုင်ကျေးရွာ ဘုန်းကြီးကျောင်းအနီး ရန်ကုန်-ပြည်ကားလမ်းပေါ်၌ တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“အဲဒီ အုပ်ကြီးကြောင့် ပြည်သူတွေ ဖမ်းခံရပြီး ထောင်ကျတာတွေ ထွက်ပြေးရတာတွေပါရှိတယ်။ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ ကျည် ၃ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အုပ်ချုပ်ရေးမှူး မြင့်ဟန် သည် အကြမ်းဖက် စစ်တပ်၏ အမာခံထောက်တိုင်တစ်ဦး ဖြစ်ကာ ဒေသပြည်သူများကို ပြည်သူ့စစ် သင်တန်းတက်ရန် ခြိမ်းခြောက်ဖိအားပေးလူစုခြင်း၊ အကြမ်းဖက်စစ်တပ်ထံ မမှန်သတင်းပေး၍ ပြည်သူများကို ဖမ်းဆီးခိုင်းကာ ခြိမ်းခြောက်ငွေတောင်းခြင်း၊ အကြမ်းဖက်စစ်တပ်ထံ တော်လှန်ရေးရဲဘော်များ၏ သတင်းများ ထောက်လှမ်း ပေးပို့ခြင်းတို့ကြောင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သာယာဝတီခရိုင်အတွင်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများ၏ အချက်အလက်များကို လက်ခံရရှိထားပြီးဖြစ်၍ စိစစ်အတည်ပြုကာ အရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အသိပေးချက် ထုတ်ပြန်ထားသည်။