စစ်ကိုင်းတိုင်း မုံရွာမြို့ ဇလုပ်အဝိုင်းပတ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၃ နာရီ၀န်းကျင်ကစပြီး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသ ခံပြည်သူတွေက ပြောပါတယ်။
မုံရွာ-အရာတော်လမ်းပိုင်း စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်မှာ စစ်ကောင်စီတပ်ဖွဲ့က ခရီးသွားပြည်သူတွေကို ဖမ်းဆီးနေတာလို့ ပြောပါတယ်။
“ညနေ ၃ နာရီလောက်ကစပြီး ပေါ်တာဆွဲနေတယ်လို့ အိမ်က ဖုန်းလှမ်းဆက်တယ်။အပြန်ကို သတိထားပြီး ပြန်လာဖို့ အိမ်ကဖုန်းဆက်လာတာ”လို့ မုံရွာမြို့ပေါ်ကို အလုပ်လာလုပ်နေတဲ့ ရွှေဇလုပ်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး မုံရွာ-မန္တလေးလမ်းပိုင်းက ခရီးသွားပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေတာရှိသလို မုံရွာ-ရေဦးလမ်းပိုင်း အလုံမင်းဒေါင့်တံတား သုံးထောင့်ချွန်းမှာလည်းခရီးသွားပြည်သူတွေကို ဖမ်းဆီးနေတယ်လို့သိရပါတယ်။