ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာနိုင်ငံ အကျပ်အတည်းကိစ္စ ဆွေးနွေးဖို့အတွက် ဝါရှင်တန် ဒီစီမှာ တွေ့ဆုံကြမယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကျရင် ထိုင်းရဲ့ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒ်ရာ နူကူရာဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို ဝါရှင်တန်မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှာ ဖြစ်ကြောင်း ထိုင်းအစိုးရ အဖွဲ့ထဲက အဆင့်မြင့် အရာရှိတချို့က Thai PBS သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
ပန်ပရီဟာ အခုသီတင်းပတ်ကုန်မှာ ဘန်ကောက်ကနေ ထွက်ခွာသွားပြီး သူ့ရဲ့ ၂ ရက်ကြာ အမေရိကန် ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်အတွက် ဘလင်ကန်က သူ့ကို ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ ဘလင်ကန်နဲ့ ပန်ပရီတို့ဟာ ဆန်ဖရန် ဆစ္စကိုမှာ မနှစ်က ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်တွေ ညီလာခံတုန်းက နောက်ဆုံး တွေ့ဖြစ်ခဲ့ကြပါတယ်။
ပန်ပရီဟာ ဝါရှင်တန် ခရီးစဉ် မတိုင်ခင်တုန်းကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျက်ခ်ဆူလီဗန်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ သူ့ရဲ့ ဝါရှင်တန် ခရီးစဉ်မှာတော့ အမေရိကန် စီးပွားရေးဝန်ကြီး ဂျီနာ ရိုင်မွန်ဒို အပါအဝင် တခြားသော အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ပါ တွေ့ဆုံဖို့ ပန်ပရီက စီစဉ်ထားပါတယ်။
ထိုင်းမှာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆန် အာဏာရလာချိန် ကတည်းက အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့အတွက် ချဉ်းကပ်ပုံ မဟာဗျူဟာ အပြောင်းအလဲတွေ ရှိခဲ့ပြီး လူသားချင်း စာနာမှု အထောက်အပံ့ ကဏ္ဍကို ပိုမို အားပေး လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့လည်း ထိုင်းရဲ့ အစီအမံတွေဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ လုံးလုံးလျားလျား ချိတ်ဆက်နေပြီး တော်လှန်ရေး အင်အားစုတွေနဲ့ အဆက်ပြတ်နေတဲ့အပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေ ခံနေရပါတယ်။