ပြည်ထောင်စုတဝှမ်းလုံး အတူတကွဆင်နွှဲနေသော ပြည်သူ့နွေဦးတော်လှန်ရေးသည် ကရင် အမျိုးသားများအတွက်သာမက မြန်မာတနိုင်ငံလုံးရှိ ပြည်သူများအတွက် အဆုံးသတ်ပန်းတိုင် ဖြစ် သည်ကို ကောင်းစွာ နားလည်လက်ခံလာကြပြီး ဘုံသဘောတူညီချက်များလည်း ချမှတ်လာနိုင်သည့် အတွက် ဝမ်းမြောက်ပီတိ ဖြစ်ရပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကရင်အမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်)တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့တွင် ကရင်တိုင်းရင်းသားများအားလုံး လိုလားတောင့်တလျက်ရှိကြသည့် တန်းတူညီမျှပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်အနှစ်သာရ ပြည့်ဝသည့် ကရင်ပြည်ကို ကရင်အမျိုးသားအားလုံး၏ စုစည်းညီညွတ်မှုဖြင့် ထူထောင် နိုင်ကြပါစေဟု NUGက သဝဏ်လွှာတွင် ဖော်ပြခဲ့ပြီး ကရင်အမျိုးသားများ၏လုပ်ဆောင်ချက်များကို လေးစားဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
နွေဦးတော်လှန်ရေးတွင် ကရင်အမျိုးသားများ သည် ပြည်ထောင်စုတဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူလူထုအားလုံးနှင့် လက်တွဲကာ နွေဦးတော်လှန်ရေးကြီး၏ ပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲကြိုးပမ်းနေကြကြောင်း၊ ယင်းအတွက်လည်း များစွာလေးစားဂုဏ်ယူကြောင်း NUG ဖော်ပြသည်။
တော်လှန်ရေးအဖွဲ့များအကြား ရရှိထားသည့် ဘုံသဘောတူညီချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုး သားညီညွတ်ရေးအစိုးရအနေဖြင့် ကရင်အမျိုးသားခေါင်းဆောင်ကြီးများနှင့် အပြည့်အဝ ပူးပေါင်းပြီး ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးမြောက်စေရန် ကဏ္ဍပေါင်းစုံမှ ပိုမိုလက်တွဲ ပူးပေါင်းဆောင်ရွက်သွားရန် ကြိုးပမ်းမည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
ကရင်အမျိုးသားနေ့သို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ နိုင်ငံရေးအချိုးအကွေ့ အပြောင်းအလဲများအရ အမျိုးသားရေးလိုလားချက်များရရှိအောင်မြင်ရေးအတွက် လမ်းကြောင်းမျိုးစုံမှ တစ်ခုတည်းသော ပန်းတိုင်ကိုလှမ်းချီနေရန် အခွင့်အရေးများရှိနေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ကြောင့် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှု အဖွဲ့အစည်းများတို့ အနေဖြင့်ပြန်လည်ပြီး ကရင်အမျိုးသားအလံတော် တစ်ခုတည်းအောက်တွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် သစ္စာရှိစွာပေးဆပ်လုပ်ဆောင်ရန် အချိန်သင့်ပြီဖြစ်ကြောင်း KNUက တိုက်တွန်းထားသည်။