တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကော့ရဲကြီးကျေးရွာသား ၂ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်က ပစ်ခတ်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ကော့ရဲကြီး ကျေးရွာတွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးက ကျေးရွာနေ ပြည်သူ ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကိုဖိုးနိုင်ငယ် ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
“ဘုတ်ပြင်းမြို့နယ် ကော့ရဲကြီးကျေးရွာမှာ မနေ့က နံနက် ၇ နာရီ ဝန်းကျင်လောက်မှာ ပြည်သူ့စစ် ၁ ဦးက အကြောင်းမဲ့ ပြည်သူ ၂ ဦးကို သေနတ်နဲ့ ပစ်လို့ ၁ ဦးကသေသွားတယ်။ ၁ ဦးက ဆေးရုံ ရောက်နေတယ်” ဟုဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ကော့ရဲကြီးကျေးရွာမှ ပြည်သူ ၂ ဦးကို ပြည်သူ့စစ်ခေါင်းဆောင် ကျော်ခေတ်၏ သားဖြစ်သူ ကျော်ကိုဖြိုးက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ် အဖွဲ့ဝင်များက ကျေးရွာအတွင်း လက်နက်များ ကိုင်ဆောင်ပြီး ကင်းလှည့်လည်နေသောကြောင့် ပြည်သူများလည်း ကြောက်လန့်နေကြောင်း သိရသည်။